ဝါရှင်တန်၊ ဇွန် ၂၀

အီရန်-အစ္စရေးစစ်ပွဲမှာ အမေရိကန် တိုက်ရိုက် ဝင်ပါ၊ မပါ သမ္မတ ဒေါ်နယ် ထရန့်က သီတင်းနှစ်ပတ်အတွင်း ဆုံးဖြတ်သွားမှာ ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားလိုက်ပါတယ်။

အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေးဝန်ကြီး ကယ်ရိုလင်းက သမ္မတ ထရန့်ဆီက သတင်းစကားကို တိုက်ရိုက် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးညှိနှိုင်းဖို့ အခွင့်အရေးတွေ ရှိသေးသလား၊ မရှိတော့ဘူးလားဆိုတဲ့အပေါ် အခြေခံပြီး အီရန်-အစ္စရေးပဋိပက္ခမှာ အမေရိကန် ဝင်ပါသင့် ၊ မပါသင့်ကို မဝေးလှတဲ့ အနာဂတ်မှာ ဆုံးဖြတ်သွားမယ်လို့ ထရန့်က ပြောပါတယ်။

အမေရိကန် ဝင်ပါလာရင် ဒေသတွင်းမှာ ငရဲကျသလို ဖြစ်လိမ့်မယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးက စောစောပိုင်းက ပြောကြားထားပြီး ဒါဟာ အမေရိကန် စစ်ပွဲ မဟုတ်ဘူးလို့ ဆိုပါတယ်။

သမ္မတက အီရန်အနေနဲ့ နျူကလီးယားလက်နက် မထုတ်လုပ်နိုင်ရေး သေချာအောင် ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ အိမ်ဖြူတော် ပြန်ကြားရေး ဝန်ကြီးက ပြောပါတယ်။

အီရန်က နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ စီစဉ်နေတာ မဟုတ်ဘူး ဆိုတဲ့ အမေရိကန် ထောက်လှမ်းရေးရဲ့ ပြောကြားချက်ကို အစိုးရက ပယ်ချထားပါတယ်။

အီရန်ကို တိုက်ခိုက်ဖို့ အစီအစဉ်ကို ထရန့်က ခွင့်ပြုထားပေမယ့် အပြီးသတ် မဆုံးဖြတ်ရသေးဘူးလို့ CBS သတင်းဌာနက ဖော်ပြပါတယ်။

အီရန်မှာ အစ္စရေးလက်နက်တွေနဲ့ မဖျက်စီးနိုင်တဲ့ မြေအောက် နျူကလီးယား စက်ရုံ တစ်ခု ရှိနေပြီး အဲဒီ စက်ရုံကို အမေရိကန်ရဲ့ ဘန်ကာဖျက် ဗုံးနဲ့ပဲ ဖျက်စီးနိုင်မှာ ဖြစ်တယ်လို့ စစ်ရေးလေ့လာသူတွေက ပြောပါတယ်။

ဒီအတောအတွင်း အမေရိကန်နဲ့အီရန် ညှိနှိုင်းရေးမှူးတွေကြား ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ဥရောပ နိုင်ငံခြားရေးဝန်ကြီးတွေကလည်း အီရန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးနေတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။

အီရန်ရှိ စစ်ဖက်ဆိုင်ရာနေရာတွေ အများကြီးကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးက ပြောထားချိန်မှာ အီရန်ကလည်း အစ္စရေးကို ဒုံးကျည်တွေနဲ့ ပြန်လည် တိုက်ခိုက်နေပါတယ်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် လမ်မီကတော့ လက်ရှိ ဖြစ်ပွားနေတဲ့ ပဋိပက္ခကို သံတမန်နည်းလမ်းနဲ့ ဖြေရှင်းဖို့ တိုက်တွန်းထားပါတယ်။

လောလောဆယ်မှာတော့ ထရန့် နောက်ထပ် ဘာလုပ်မလဲဆိုတာကို နိုင်ငံတကာက စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။

Ref:BBC/CBS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.