ဘန်ကောက်၊ ဇွန် ၂၀

အစိုးရအဖွဲ့ ပြိုလဲသွားနိုင်ပြီး လူအများ ဒေါသထွက်ခဲ့ရတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဖုန်းခေါ်ဆိုမှု ပေါက်ကြားခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာ ဝါထရာက အများပြည်သူကို ဇွန် ၁၉ ရက်မှာ တောင်းပန်ခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ ကြီးလေးတဲ့ အခွန်တွေကို ရှောင်ရှားရေး၊ စီးပွားရေး ပြန်လည် အားကောင်းလာစေရေး ရုန်းကန်နေရချိန်မှာ ထိုင်းညွှန့်ပေါင်းအစိုးရအဖွဲ့ကနေ ဒုတိယအကြီးမားဆုံး ဘွမ်ဂျိုင်ထိုင်းပါတီ နုတ်ထွက်သွားတာကြောင့် ထိုင်းမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်ပြီး ဝန်ကြီးချူပ် ပေသွန်ထန် နုတ်ထွက်ပေးရေး ဒါမှမဟုတ် ရွေးကောက်ပွဲ ကျင်းပပေးရေး တောင်းဆိုမှုတွေ ပိုများလာနေပါတယ်။

ဟွန်ဆန်နဲ့ ဖုန်းခေါ်ဆိုမှု ပေါက်ကြားလာပြီးနောက် အစိုးရ ဆန့်ကျင်ရေး ရှပ်ဝါတွေက အစိုးရအိမ်တော်ရှေ့မှာ ဇွန် ၁၉ ရက်က ဆန္ဒပြပြီး ဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဟွန်ဆန်နဲ့ ပြောဆိုမှုတွေမှာ ဝန်ကြီးချုပ် ပြောဆိုခဲ့တဲ့ စကားတွေက ထိုင်းစစ်တပ်နဲ့ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို စော်ကားမှုတွေ ပါဝင်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

အဲဒီ ဖုန်းခေါ်ဆိုမှုအတွင်း ဝန်ကြီးချုပ် ပေသွန်ထန်က ဟွန်ဆန်ကို ဦးလေးလို့ ခေါ်ဝေါ်ခဲ့ပြီး နယ်စပ် ပြဿနာကြောင့် သူ့အပေါ် နိုင်ငံရေးဆိုင်ရာ ရိုက်ခတ်မှုတွေ ရှိတာကြောင့် ပြဿနာကို ကြီးအောင် မလုပ်ဖို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဆန္ဒပြသူတွေက ပေသွန်ထန်ကို နိုင်ငံ့သစ္စာဖောက်လို့ ခေါ်ဝေါ်နေကြပြီး ချက်ချင်း နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတာပါ။

ထိုင်းနိုင်ငံရေးမှာ ဝါရင့်တစ်ယောက်ဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့သမီး ပေသွန်ထန်အနေနဲ့ လက်ကျန် ညွှန့်ပေါင်းအဖွဲ့ဝင် ပါတီ နှစ်ခုထဲက တစ်ခု နုတ်ထွက်ရင် သူ့ရဲ့ အစိုးရအဖွဲ့ ပြိုလဲဖို့ သေချာနေပြီ ဖြစ်ပါတယ်။

ထိုင်းမှာ စစ်တပ် အာဏာသိမ်းမှု မကြာခဏ ဖြစ်ပွားခဲ့ပေမယ့် ဆန္ဒပြသူ တချို့က စစ်တပ် ကြားဝင် ဖြေရှင်းပေးဖို့ ဆန္ဒရှိနေကြပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.