နောင်ချို၊ ဇွန် ၁၉

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ရှိ ကျေး ရွာတွေမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်တို့ကြား နှစ်ဖက်တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့တယ်လို့ TNLA က ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၈ ရက်နေ့ မနက်အစောပိုင်းမှာ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်ရှိ ဉာဏ်တောကျေးရွာနဲ့ ရွှေသွန်းကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ၃၈ လုံး၊ ဒရုန်းနဲ့ ဗုံးသီး ၁၀ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးတဲ့ အခြေအနေအသေးစိတ်ကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

ဒ့ါအပြင် စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ရွှေညောင်ပင်နဲ့ ရေမောင်တန်းကျေးရွာဘက်ကိုလည်း ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ၈ လုံးနဲ့ ဒရုန်းနဲ့ ဗုံးသီး ၂၃ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့က ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် တစ်ဖက်သတ် အပစ်ရပ်ကာလကို နောက်ထပ်တစ်လ ထပ်တိုးထားတာကို စစ်ကောင်စီက အခွင့်ကောင်းယူပြီး အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် နောင်ချိုမြို့နယ်မှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတယ်လို့ TNLA ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့ကစပြီး နောင်ချိုမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ဖို့အတွက် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် လက်ရှိအချိန် နှစ်ဖက်တိုက်ပွဲဖြစ် ပွားနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.