ဖနွမ်းပင်၊ ဇွန် ၃

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ နယ်စပ် ပစ်ခတ်တိုက်ခိုက်မှုအတွင်း ကမ္ဘောဒီးယား စစ်သား တစ်ဦး သေဆုံးခဲ့ပြီးနောက် ထိုင်းနဲ့ နယ်စပ်အငြင်းပွားမှုကို နိုင်ငံတကာတရားရုံး ICJ ထံ တိုင်ကြားထားကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန် မာနက်က ဇွန် ၂ ရက်မှာ ပြောကြားလိုက်ပါတယ်။

နယ်စပ်မှာ မသေချာမရေရာမှုနဲ့ ပတ်သက်လို့ နောက်ထပ် တိုက်ခိုက်မှု မဖြစ်ပွားစေရေး အဲဒီကိစ္စရပ်တွေကို ထိုင်းက ကမ္ဘောဒီးယားနဲ့ ပူးပေါင်းပြီး ICJ မှာ ဖြေရှင်းဖို့ မိမိတို့ မျှော်လင့်ကြောင်း ဝန်ကြီးချုပ် ဟွန်မာနက်က လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့တာပါ။

အိမ်နီးချင်း နှစ်နိုင်ငံကြား ၂၀၀၈ ခုနှစ်က စစ်ရေးပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် နှစ်များစွာကြာအောင် ပြတ်တောင်းပြတ်တောင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး လူ ၂၈ ဦး သေဆုံးခဲ့ရပါတယ်။

ကမ္ဘောဒီးယား၊ ထိုင်းနဲ့ လာအိုတို့ဆုံရာ မြတြိဂံဒေသမှာ ထိုင်းစစ်သားတွေနဲ့ ကမ္ဘောဒီးယားစစ်သားတွေ မေ ၂၈ ရက်က အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး ကမ္ဘောဒီးယား စစ်သား တစ်ဦး သေဆုံးခဲ့ပါတယ်။

မိမိတို့ ရန်စမှု မရှိဘဲ တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်ကို ချက်ချင်း နှံ့နှံ့စပ်စပ် စုံစမ်းစစ်ဆေးရေး ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဖနွမ်းပင်ရှိ ထိုင်းသံရုံးသို့ စာရေးသား ပေးပို့တောင်းဆိုခဲ့ပါတယ်။

ထိုင်းစစ်သားတွေရဲ့ လုပ်ရပ်ဟာ ကမ္ဘောဒီးယား အချုပ်အခြာအာဏာကို ချိုးဖောက်တာ ဖြစ်ကြောင်းနဲ့ သံတမန်ရေးအရ ငြိမ်းချမ်းစွာ ဖြေရှင်းရေး ကတိပြုထားကြောင်း ကမ္ဘောဒီးယားက ပြောပါတယ်။

အဲဒီကိစ္စကို ထိုင်းက ICJ မှာ ဖြေရှင်းဖို့ သဘောမတူဘူးဆိုရင် ကမ္ဘောဒီးယားအနေနဲ့ အဲဒီတရားရုံးမှာ တိုင်ချက် ဖွင့်သွားမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဟွန်မာနက်က ပြောလာတာပါ။

နယ်စပ် အငြင်းပွားမှုဟာ နှစ်နိုင်ငံစလုံးရှိ အစွန်းရောက် အုပ်စုငယ်လေးတွေရဲ့ သွေးထိုး လှုံ့ဆော်မှုကြောင့် ဖြစ်ရတာ ဖြစ်ပြီး နောက်ထပ် တိုက်ခိုက်မှုတွေ ဖြစ်ပွားလာနိုင်တယ်လို့ ဟွန် မာနက်က ပြောပါတယ်။

အခုလို ပြောဆိုချက်နဲ့ ပတ်သက်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက် မပေးသေးပါဘူး။

ကမ္ဘောဒီးယား စစ်တပ်က သူတို့ စတင် တိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ ပြောကြားပြီး ထိုင်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်မှုကို တုံ့ပြန် ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ပြောထားပါတယ်။

နောက်တစ်ရက်မှာတော့ ကမ္ဘောဒီးယား စစ်ဦးစီးချုပ်နဲ့ ထိုင်းစစ်ဦးစီးချုပ်တို့ တွေ့ဆုံပြီး တင်းမာမှု လျှော့ချဖို့ သဘောတူခဲ့ကြပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.