မက္ကာ၊ ဇွန် ၂
မက္ကာမြို့သို့ တရားမဝင် ဝင်ရောက်မှုကို အာဏာပိုင်တွေက နှိမ်နှင်းနေချိန် ဟာ့ချ်ဘုရားဖူး ခွင့်ပြုချက် မပါတဲ့ မွတ်စလင် ၂၆၉၀၀၀ ကျော်ကို မက္ကာမြို့သို့ ဝင်ခွင့် တားမြစ်ခဲ့တယ်လို့ ဆော်ဒီအာရေးဗီးယား အရာရှိတွေက ဇွန် ၁ ရက်က ပြောကြားခဲ့ပါတယ်။
တရားမဝင် ဘုရားဖူးတွေကြောင့် ဟာ့ချ်ဘုရားဖူးကာလမှာ လူတွေ ပြွတ်သိပ်နေတာ ဖြစ်တယ်လို့ ဆော်ဒီ အရာရှိတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က အပူချိန် မြင့်မားလွန်းတာကြောင့် သေဆုံးခဲ့သူ အများစုဟာလည်း တရားမဝင် လာရောက်သူတွေ ဖြစ်တယ်လို့ ဆော်ဒီအာရေးဗီးယားက ပြောပါတယ်။
အခုလို နှင်ထုတ်မှုက ဟာ့ချ် ဘုရားဖူး လာရောက်လိုသူတွေနဲ့ တရားမဝင် လာရောက်သူ အရေအတွက် ပိုများလာတာကို မီးမောင်းထိုးပြနေပါတယ်။
မက္ကာသို့ လက်ရှိ ရောက်ရှိနေတဲ့ မွတ်စလင် ဘုရားဖူး ၁ ဒသမ ၄ သန်း ရှိပြီး လာမယ့် ရက်ပိုင်းအတွင်း ပိုများလာဦးမယ်လို့ မျှော်လင့်ရပါတယ်။

ဟာ့ချ်ဘုရားဖူး အစီအစဉ်မှာ ခွင့်ပြုချက် မရှိဘဲ ပါဝင်ဆင်နွှဲသူတွေ အနေနဲ့ဒဏ်ငွေ ကန်ဒေါ်လာ ၅၀၀၀ နဲ့ နှင်ထုတ်ခံရတာမျိုးလို တခြား ပြစ်ဒဏ်တွေလည်း ချမှတ်ခံရနိုင်ပါတယ်။
အဲဒီ မူဝါဒမှာ နိုင်ငံသားတွေနဲ့ ဆော်ဒီအာရေးဗီးယားမှာ အမြဲတမ်း နေထိုင်ခွင့် ရထားသူတွေလည်း အကျုံးဝင်ပါတယ်။
ပါမစ်မရှိသူ ၂၉၆၆၇၈ ဦးကို မက္ကာမြို့သို့ ဝင်ခွင့်မပေးဘဲ တားမြစ်ခဲ့တယ်လို့ မက္ကာမြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အရာရှိတွေက ပြောတာပါ။
စည်းမျဉ်းဥပဒေတွေအရ မက္ကာမြို့မှာ နှစ်ပေါက်အောင် နေထိုင်သူတွေတောင် ခွင့်ပြုချက်ရှိမှ ဘုရားဖူး အစီအစဉ်မှာ ပါဝင်ခွင့်ရှိပါတယ်။
ဟာ့ချ်ဘုရားဖူး စည်းကမ်းတွေကို ချိုးဖောက်တဲ့ ဆော်ဒီအာရေးဗီးယား ဒေသခံ ၂၃၀၀၀ ကို အာဏာပိုင်တွေက ပြစ်ဒဏ်တွေ ချမှတ်ထားပြီး ဟာ့ချ်ကုမ္ပဏီ ၄၀၀ ရဲ့ လိုင်စင်တွေကို ရုတ်သိမ်းထားပါတယ်။
မွတ်စလင်တွေအနေနဲ့ ငွေကြေးအရ ရုပ်ပိုင်းဆိုင်ရာအရ ဘုရားဖူးသွားဖို့ တတ်နိုင်တယ်ဆိုရင် တစ်သက်မှာ တစ်ခါ ဟာ့ချ်ဘုရားဖူးခရီးသွားဖို့ တာဝန်ရှိတယ်လို့ ဘာသာရေးအရ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
Ref:AP