ကိဗ် ၊ဇွန် ၂

ရုရှား နယ်နိမိတ် အတွင်းနက်နက်ထဲရှိ လေတပ် အခြေစိုက်စခန်း လေးခုကို ခိုးသွင်းထားတဲ့ ဒရုန်းတွေနဲ့ ကြီးကြီးမားမားတိုက်ခိုက်မှုအတွင်း နျူကလီးယားလက်နက် တပ်ဆင်နိုင်တဲ့ ရုရှား ဗုံးကြဲလေယာဉ် ၄၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။

ယူကရိန်း လုံခြုံရေးဌာန SBU က ပြုလုပ်ခဲ့တဲ့ ပင့်ကူအိမ် စစ်ဆင်ရေး အတွင်း ဒရုန်း ၁၁၇ စီး အသုံးပြုခဲ့ကြောင်းနဲ့ ရုရှားရဲ့ ဗျူဟာမြောက် ခရု့ဇ်ဒုံးကျည်တင် လေယာဉ်တွေရဲ့ ၃၄ ရာခိုင်နှုန်းကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။

အဲဒီ စစ်ဆင်ရေးကို အကောင်အထည်ဖော်ဖို့ တစ်နှစ်ခွဲ အချိန်ယူခဲ့ရကြောင်း SBU သတင်းရင်းမြစ်တွေက ပြောပါတယ်။

ယူကရိန်းက ဒေသ ၅ ခုကို တိုက်ခိုက်ခဲ့ကြောင်း ရုရှားက အတည်ပြုပြောကြားပြီး အကြမ်းဖက် တိုက်ခိုက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှားနဲ့ ယူကရိန်းကြား တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဒုတိယအကျော့ ကျင်းပနေချိန်မှာ အခုလို တိုက်ခိုက်မှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ရုရှား ဗုံးကြဲလေယာဉ်တွေ ရှိနေတဲ့ နေရာအနီး ကုန်တင်ကားတွေပေါ်က သစ်သားသေတ္တာတွေရဲ့ ခေါင်းမိုးမှာ ဖွက်ထားတဲ့ ဒရုန်းတွေနဲ့ ယူကရိန်းက အငိုက်ဖမ်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဒရုန်းတွေ သစ်သားသေတ္တာတွေထဲ ရှိနေတယ်ဆိုတာကို ကားမောင်းနှင်သူတောင် မသိခဲ့ဘူးလို့ ဆိုပါတယ်။

ဗုံးကြဲလေယာဉ်တွေ ရပ်နားထားတဲ့ နေရာအနီး အဲဒီ ကုန်ကားကို ရပ်ထားပြီးတော့ ယူကရိန်းစစ်သားတွေက အဝေးထိန်း ခလုတ်တွေနဲ့ ဒရုန်းတွေကို အသက်သွင်းပြီး အချိန်ကိုက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ စစ်ဆင်ရေးမှာ ပါဝင်သူအားလုံး ရုရှား နယ်မြေထဲက အန္တရာယ်ကင်းစွာ ပြန်ဆုတ်ခွာနိုင်ခဲ့ကြောင်း သမ္မတ ဇီလန်စကီးက ပြောပါတယ်။

မိမိတို့ရဲ့ တိုက်ခိုက်မှုကြောင့် ရုရှား ဗုံးကြဲ လေယာဉ်တွေ ထိခိုက်ပျက်စီးမှု တန်ဖိုး ကန်ဒေါ်လာ ၇ ဘီလီယံလောက် ရှိကြောင်းနဲ့ မကြာခင် အသေးစိတ်ကို ထုတ်ပြန်သွားမယ်လို့ ယူကရိန်း လုံခြုံရေးဌာနက ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ လေတပ် အခြေစိုက်စခန်း လေးခု အနက် နှစ်ခုဟာ ယူကရိန်းနဲ့ မိုင်ထောင်ပေါင်းများစွာအကွာမှာ တည်ရှိတာ ဖြစ်ပါတယ်။

အဲဒီ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ရုရှားက ယာဉ်မောင်းနှင်သူ အပါအဝင် လူ တချို့ကို ဖမ်းဆီးထားပါတယ်။

ယူကရိန်းရဲ့ တိုက်ခိုက်မှုအတွက် ရုရှားက ဘယ်လို လက်တုံ့ပြန်မလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.