မော်လမြိုင် ၊ ဧပြီ ၅
လက်ရှိ ကျင်းပနေတဲ့ ၂၀၂၅ မွန်အမျိုးသားညီလာခံမှာ ရာမညမွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖက်ဒရယ်ပြည်ထောင်စုအခြေခံမူတွေကို ဆွေးနွေးနေတယ်လို့ မွန်ပြည်သစ်ပါတီက သတင်းထုတ်ပြန်ပါတယ်။
ညီလာခံတတိယရက် ဧပြီ ၄ ရက်နေ့မှာ အစီအစဉ် ၁၂ ချက်နဲ့ မွန်အမျိုးသားညီလာခံကို ဆက်လက်ကျင်းပပြီး အရင်ရက်တွေမှာ ကိုယ်စားလှယ်တွေ ဆွေးနွေးထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုအခြေခံမူကို နယ်ပယ်အလိုက် ပြန်လည်တင်ပြကြတာပါ။
ဒါ့အပြင် မွန်လူမျိုးပေါင်းစည်းရေးအဖွဲ့ကို တည်ထောင်နိုင်ရေး ဆက်လက်ဆွေးနွေးကြပြီး လူငယ်မူဝါဒနဲ့ မူးယစ်ဆေးဝါးမူဝါဒတွေကိုလည်း တင်ပြဆွေးနွေးဖို့ ရှိနေတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ညီလာခံပထမရက်မှာ အစီအစဉ် ၁၃ ချက်နဲ့ မွန်အမျိုးသားညီလာခံကျင်းပရေးဦးစီးကော်မတီဖြစ်တဲ့ မွန်ပြည်သစ်ပါတီက လုပ်ငန်းစဉ်တွေကို တင်ပြခဲ့တာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် မွန်အမျိုးသားညီလာခံကနေ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ လုပ်ငန်းအကောင်အ ထည်ဖော်ရေးမှာ ရေးဆွဲထားတဲ့ ရာမညမွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ကြားပြီး နယ်ပယ်အလိုက် တက်ရောက်လာသူတွေ ဆွေးနွေးခဲ့ကြတာပါ။
ဒုတိယရက်မှာတော့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက ရာမညမွန်ပြည်ဖွဲ့စည်းပုံကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီး ညီလာခံမှာ ပြန်လည်တင်ပြခဲ့ကြတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တဆက်တည်းမှာပဲ ဖက်ဒရယ်ပြည်ထောင်စုအခြေခံမူကိုလည်း နယ်ပယ်အလိုက် ဆက်လက်ဆွေး နွေးခဲ့ကြပြီး တတိယရက်မှာ အဲဒီဆွေးနွေးထားတဲ့ အခြေခံမူကို နယ်ပယ်အလိုက် ပြန်လည်တင်ပြကြတာ ဖြစ်ပါတယ်။
သုံးရက်တာ ကျင်းပပြီးစီးတဲ့ မွန်အမျိုးသားညီလာခံမှာ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ဆုံးဖြတ်ချက်ချမှတ်တာတွေ မရှိသေးပေမယ့် ဧပြီ ၅ ရက်နေ့ ညီလာခံနောက်ဆုံးရက်မှာတော့ ဆုံး ဖြတ်ချက် တစ်စုံတစ်ရာ ချမှတ်နိုင်တယ်လို့ မျှော်လင့်ရပါတယ်။
ညီလာခံကို မော်လမြိုင်မြို့မှာ ဧပြီ ၂ ရက်နေ့က စတင်ကျင်းပတာဖြစ်ပြီး မွန်သံဃာတော်တွေ၊ မွန်ပြည်သစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ပြည်နယ်အဆင့်နဲ့ မြို့နယ်အဆင့် ဖိတ်ကြားထိုက်တဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေ၊ အရပ်ဘက်အဖွဲ့တွေ စတဲ့ ကိုယ်စားလှယ်ပေါင်း ၂၄၆ ဦး တက်ရောက်ကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NMSP

