ကျိုက်ထို၊ ဧပြီ ၅

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် စွပ်ပနူးကျေးရွာ သုသာန်အနီးနေ ငါးကန်လုပ်ငန်းရှင်တစ်ဦးကို စစ်ကောင်စီတပ် ဝင်ရောက်ပစ်သတ်ပြီးနောက် အလောင်းကိုပါ သယ်ဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဧပြီ ၄ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်မှာ စစ်ကား ငါးစီးနဲ့ တပ်ဖွဲ့ဝင်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ အသက် ၅၀ ကျော်အရွယ်ရှိ ဦးကျော်အောင်ပိုင်ဆိုင်တဲ့ ငါးကန်ထဲကို ရောက်ရှိလာပြီးနောက် ပိုင်ရှင်ဦးကျော်အောင်ကို ပစ်သတ်သွားတာပါ။

ဦးကျော်အောင်ဟာ တော်လှန်ရေးအဖွဲ့တွေကို ထောက်ပံ့ကူညီနေတာတွေရှိနေတယ်လို့ အကြောင်း ပြချက်နဲ့ စစ်ကောင်စီတပ်ဘက်က ဝင်ရောက်ပစ်ခတ်သတ်ဖြတ်သွားတာ ဖြစ်နိုင်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။

သေဆုံးသွားသူ ဦးကျော်အောင်ဟာ ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ပြီး တဖက်မှာ တော်လှန်ရေးအဖွဲ့ တွေအတွက် စားနပ်ရိက္ခာ၊ သတင်းစုံစမ်းရေးတာဝန်တွေ ယူထားတယ်လို့ ကျေးရွာအတွင်းမှာ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောဆိုကြပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီး ခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် မုက္ခမူကျေးရွာနေ အသက် ၂၀ ကျော် လူငယ် တစ်ဦးကို အမည်မသိသေနတ်သမားနှစ်ဦးက နေအိမ်မှာဝင်ရောက်ပစ်ခတ်သွားတဲ့အတွက် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.