နောင်ချို၊ မတ် ၃

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၃ ဦးသေဆုံးပြီး ၃၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က မတ် ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း TNLA ထိန်းချုပ်ထားတဲ့ နောင်ချို၊ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့တာပါ။

ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ မိုးကုတ်မြို့ အနောက်ပိုင်းဝန်းထရံရပ်ကွက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးအလုံး ၂၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၅ ဦးသေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၅ လုံး ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။

ဖေဖော်ဝါရီ ၆ ရက်၊ ၂၀ ရက်နေ့၊ ၂၂ ရက်နေ့နဲ့ ၂၈ ရက်နေ့တွေမှာလည်း နောင်ချိုမြို့နယ်ရှိ ရပ်ကွက်တွေနဲ့ ပြည်သူ့ဆေးရုံကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၅ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ဘုန်ကြီးကျောင်းတစ်ကျောင်း အပါအဝင် နေအိမ် ၁၇ လုံး ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အလားတူ မိုးမိတ်မြို့နယ် ဝဲဘောင်ကျေးရွာမှာလည်း လေကြောင်းကနေ ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ၇ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ နေအိမ် ၅ လုံး ပျက်စီးခဲ့ပါတယ်။

ဒါအပြင် ဖေဖော်ဝါရီ ၂၃ ရက်နေ့ကလည်း တောင်ရှည်ကျေးရွာနဲ့ မန်မော်ကျေးရွာတွေကြားမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ အဆိပ်ငွေ့ဗုံး အသုံးပြု တိုက်ခိုက်မှုကြောင့် TNLA တပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၄ ဦးမှာ ဒဏ်ရာ ပြင်းထန်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း TNLA ထိန်းချုပ်ထားတဲ့ နောင်ချို မိုးကုတ်နဲ့ ကျောက်မဲမြို့နယ်တွေမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁၄ ဦးသေဆုံးခဲ့ပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.