ဘေဂျင်း၊ မတ် ၃
တရုတ်နိုင်ငံရဲ့ ထိပ်တန်း ဉာဏ်ရည်တု AI လုပ်ငန်းရှင်တွေနဲ့သုတေသီတွေအနေနဲ့ လုံခြုံရေး စိုးရိမ်ရတဲ့အတွက် အမေရိကန်နိုင်ငံကို ခရီးမသွားကြဖို့ အာဏာပိုင်တွေက ညွှန်ကြားထားကြောင်း အဲဒီ ကိစ္စနဲ့ နီးစပ်သူတွေကို ကိုးကားပြီး Wall Street Journal က ဖော်ပြပါတယ်။
တရုတ် AI ပညာရှင်တွေ ပြည်ပကို ခရီးထွက်မယ်ဆိုရင် နိုင်ငံတိုးတက်မှု အခြေအနေနဲ့ ပတ်သက်တဲ့ လျှို့ဝှက်သတင်း အချက်အလက်တွေ ပေါက်ကြားမှာကို တရုတ် အာဏာပိုင်တွေက စိုးရိမ်နေကြောင်း Wall Street Journal မှာ ရေးပါတယ်။

အဲဒီ AI လုပ်ငန်းရှင်တွေ၊ ပညာရှင်တွေအနေနဲ့ ဖမ်းဆီးခံရနိုင်ပြီး အမေရိကန်-တရုတ် ဆက်ဆံရေးအတွက် အသုံးချခံတွေ ဖြစ်လာမှာကိုလည်း ဘေဂျင်း အာဏာပိုင်တွေက စိုးရိမ်နေတာပါ။
ထရန့်ရဲ့ ပထမ သမ္မတသက်တမ်းအတွင်း အမေရိကန်ရဲ့ တောင်းဆိုမှုကြောင့် ကနေဒါမှာ ဟွာဟွေး အမှုဆောင်အရာရှိချုပ် ဖမ်းဆီးခံခဲ့ရတဲ့ ဖြစ်ရပ်ကို အဲဒီ သတင်းမှာ ထောက်ပြထားပါတယ်။
အမေရိကန်နဲ့တရုတ်တို့ဟာ လက်ရှိမှာ ဉာဏ်ရည်တု နည်းပညာ AI နယ်ပယ်ကို ဦးဆောင်နိုင်ရေး အသည်းအသန် ပြိုင်ဆိုင်နေကြပါတယ်။

တရုတ် စွန့်ဦးကုမ္ပဏီ DeepSeek ဟာ မကြာသေးခင်က AI ဆော့ဖ်ဝဲလ်တွေ မိတ်ဆက်ခဲ့ပြီး OpenAI နဲ့ Alphabet ကုမ္ပဏီရဲ့ Google တို့လို အမေရိကန် ထိပ်သီးကုမ္ပဏီတွေကို ယှဉ်နိုင်ကြောင်းနဲ့ သူတို့ထက် သာလွန်ပြီး ကုန်ကျစရိတ် နည်းတယ်လို့ ဆိုထားပါတယ်။
အဲဒီ သတင်းနဲ့ ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့ မီဒီယာရဲ့ မေးမြန်း စုံစမ်းမှုတွေကို အစိုးရအဖွဲ့ကိုယ်စား ပြန်လည် ဖြေကြားပေးနေတဲ့ အိမ်ဖြူတော်နဲ့ တရုတ်နိုင်ငံတော် ပြန်ကြားရေး ကောင်စီရုံးတို့ကို ရိုက်တာ သတင်းဌာနက ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိဘူးလို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်မှာ ကွန်မြူနစ်ပါတီ အရာရှိတွေနဲ့ တွေ့ဆုံချိန်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဉာဏ်ရည်တုနဲ့ ဆိုက်ဘာလုံခြုံရေး အပါအဝင် တရုတ်နိုင်ငံရဲ့ အလုံးစုံ လုံခြုံရေး တိုးတက်အောင် ဆောင်ရွက်ကြဖို့ ညွှန်ကြားခဲ့ကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနက မတ် ၁ ရက်က ဖော်ပြခဲ့ပါတယ်။
နိုင်ငံရဲ့ နိုင်ငံရေးလုံခြုံမှုဟာ ထိပ်တန်းဦးစားပေး လုပ်ဆောင်ရမယ့် ကိစ္စဖြစ်တယ်လို့ သမ္မတ ရှီကျင့်ဖျင်က ဆိုပါတယ်။
ဖေဖော်ဝါရီက ပါရီမြို့မှာ ကျင်းပခဲ့တဲ့ AI ညီလာခံသို့ ဖိတ်ကြားခဲ့ပေမယ့် DeepSeek တည်ထောင်သူ လျံ ဝမ်ဖမ်းက တက်ရောက်ဖို့ ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။
တရုတ် AI ခေါင်းဆောင်တွေအနေနဲ့ ပြည်ပသို့ ခရီးသွားမယ်ဆိုရင် ခရီးမသွားခင်နဲ့ ပြန်ရောက်လာချိန်မှာ သူတို့ရဲ့ အစီအစဉ်တွေကို ပြန်လည် ရှင်းပြရမှာ ဖြစ်ပြီး ဘယ်သူနဲ့ဘာကြောင့် တွေ့ခဲ့တယ်ဆိုတာကိုလည်း တရုတ်အာဏာပိုင်တွေဆီ အစီရင်ခံရမယ်လို့ ပြောကြားထားကြောင်း Wall Street Journal က ဖော်ပြထားပါတယ်။
Ref:Reuters

