ကိဗ်၊ မတ် ၃

သဘောတူညီမှု မရဘဲနဲ့ အိမ်ဖြူတော်က ထွက်ခွာလာခဲ့ပြီးနောက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အမေရိကန်နဲ့ သတ္တုဆိုင်ရာ သဘောတူညီမှု လက်မှတ်ရေးထိုးဖို့ အဆင်သင့် ရှိနေတုန်းပဲလို့ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်နဲ့ တွေ့ဆုံရာ အဆင်မပြေ ဖြစ်ခဲ့ပြီးနောက် သမ္မတ ဇီလန်စကီးက သူ့အနေနဲ့ အမေရိကန်နဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ နောက်ထပ် လုပ်ဆောင်ဖို့ ဆန္ဒရှိကြောင်းနဲ့ သူ့အနေနဲ့ ယူကရိန်းရဲ့သဘောထားကို ကြားသိစေချင်ရုံပါပဲလို့ ပြောပါတယ်။

အခု ဖြစ်နေတဲ့ စစ်ပွဲမှာ ရန်စသူက ဘယ်သူလဲဆိုတာ မိမိတို့ လက်တွဲဖော်တွေကို အမှတ်ရစေချင်တယ်လို့ သမ္မတ ဇီလန်စကီးက ဆိုပါတယ်။

ထရန့်အစိုးရရဲ့ ရုရှားနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ကိုင်တွယ်နေပုံနဲ့ပတ်သက်လို့ ယူကရိန်းနဲ့ ဆက်ဆံရေး တင်းမာလာခဲ့ပြီး ယူကရိန်း မြေရှားသတ္တုတွေ ပါဝင်တဲ့ သဘောတူညီမှုဟာ နှစ်နိုင်ငံကြား ဖြစ်လာနိုင်ခြေ ရှိတဲ့ လုံခြုံရေး အာမခံချက်တွေအတွက် အခြေခံ သဘောတူညီမှု ဖြစ်လာဖို့ မျှော်လင့်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဘဲဥပုံရုံးခန်းထဲ မီဒီယာရှေ့မှောက်မှာ ဇီလန်စကီး၊ အမေရိကန် သမ္မတနဲ့ ဒုသမ္မတတို့ ကတောက်ကဆ ဖြစ်ခဲ့ကြပြီး ယူကရိန်း ခေါင်းဆောင် ထွက်သွားဖို့ ပြောဆိုခံခဲ့ရသလို သဘောတူညီမှုလည်း အထမမြောက်ခဲ့ပါဘူး။

အမေရိကန်ရဲ့ ထောက်ခံမှု မသေချာ ဖြစ်လာတဲ့အချိန်မှာ ဗြိတိန် ဝန်ကြီးချုပ် ကီယာ စတာမာက ယူကရိန်း ငြိမ်းချမ်းရေး လိုလားတဲ့ စိတ်တူကိုယ်တူ နိုင်ငံတွေ မဟာမိတ်ဖွဲ့ပြီး ရုရှားကို တားဆီးဖို့ ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။

ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိရေး ဇီလန်စကီးအနေနဲ့ ယူကရိန်း သမ္မတ ရာထူးက ဆင်းပေးကောင်း ဆင်းပေးရလိမ့်မယ်လို့ အမေရိကန် ရီပက်ဘလေကန်အမတ်တွေက ပြောဆိုထားပါတယ်။

သမ္မတ ဇီလန်စကီးကတော့ ယူကရိန်းကို နေတိုးအဖွဲ့ဝင် ဖြစ်ခွင့် ပေးရင် သူ့ရာထူးကို စွန့်လွှတ်သွားမယ်လို့ ပြောထားပြီး မျှတမှု မရှိတဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုအတွက် မိမိနိုင်ငံ နယ်နိမိတ်တွေကို ရုရှားဆီ ထိုးအပ်ပေးသွားမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.