ရေး၊ ဇန်နဝါရီ ၁၅

မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၅၉၁ ခြေမြန်တပ်ရင်း ကင်းအဖွဲ့ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

မနေ့ ဇန်နဝါရီ ၁၄ ရက်နေ့ ည ၇ နာရီအချိန်ခန့်မှာ ခမရ ၅၉၁ တပ်ရင်း ဘေးပတ်ဝန်းကျင်မှာ လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ရဲ့ ကင်းအဖွဲ့ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။

“သူတို့ ကင်းအဖွဲ့တွေကို မဟာမိတ်ပူးပေါင်းတပ်တွေဘက်က လိုက်ရှင်းတဲ့အချိန်မှာ ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်တယ်။ စစ်ကောင်စီဘက်က နှစ်ယောက်သေတယ်။ လက်နက်ကြီးတွေနဲ့ရမ်းပစ်တာလည်း ရှိတယ်” လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။

နှစ်ဖက်ပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ရာကနေ အိုင်ရှည်ကျေးရွာအနီးရှိ ရော်ဘာခြံထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၂၇ အပါအဝင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့ကလည်း ကျောင်းရွာအခြေစိုက် စစ်ကောင်စီရဲ့အမှတ် ၅၈၃ ခြေလျင်တပ်ရင်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့သွားရောက်တိုက်ခိုက်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဒေါနစစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.