ရေး၊ ဇန်နဝါရီ ၁၆
နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းဒေသနဲ့ အတွင်းရွာတွေဘက်ကို စစ်ကောင်စီက အခြေခံစားသောက်ကုန်နဲ့ စက်သုံးဆီသယ်ယူခွင့် ကန့်သတ်ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကျုံလောင်းစစ်ဆေးရေးဂိတ်မှာရှိနေတဲ့ စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၁၂ ရက်နေ့ကစပြီး အခြေခံစားသောက်ကုန်သယ်ယူခွင့် ကန့်သတ်ခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁၄ ရက်နေ့မှာ စက်သုံးဆီ သယ်ယူခွင့်ကိုပါ ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ကန့်သတ်ပိတ်ပင်မှုကြောင့် ဒေသတွင်းမှာ စက်သုံးဆီ ပြတ်လပ်လာမှုတွေ ရှိလာသ လို ဆန်အပါအဝင် အခြေခံစားသောက်ကုန်တွေကအစ ဈေးနှုန်းမြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
လက်ရှိမှာ စက်သုံးဆီတစ်လီတာ ကျပ် ၄၀၀၀ ကျော်၊ ၁၂ ပြည် ဆန်တစ်အိတ်ကို ကျပ် တစ်သိန်းကျော်အထိ ဈေးနှုန်းမြင့်တက်လာသလို အခြေစားသောက်ကုန်ပစ္စည်းတွေကလည်း အမျိုးအစားအပေါ် မူတည်ပြီး ဈေးနှုန်းလိုက်တက်လာခဲ့တာပါ။
တော်လှန်ရေးအင်အားစုအဖွဲ့တွေ လှုပ်ရှားမှုအားကောင်းတဲ့ ကျုံလောင်းဒေသကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဖြတ်လေးဖြတ်ဗျူဟာအသုံးပြုပြီး တော် လှန်ရေးတပ်ဖွဲ့တွေကို ရိက္ခာဖြတ်တောက်ဖို့ ကြိုးပမ်းလာတာပါ။
ကျုံလောင်တိုက်ပွဲဟာ ဇန်နဝါရီ ၁၅ ရက်နေ့ နှစ်ဖက်စစ်ဆိုင်ထားတဲ့ အခြေအနေမှာရှိနေပြီး စစ်ကောင်စီကလည်း စစ်ကူစစ်ကြောင်းတွေ ထပ်မံစေလွှတ်ထားတာ ဖြစ်ပါတယ်။
နှစ်ဖက်တိုက်ပွဲကြောင့် ကျုံလောင်း၊ ကျောက်မိကျောင်း၊ အိုင်ပုတ်အပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံ ၁၀၀၀ ကျော်ဟာ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေတွေထဲက ကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ