မော်လမြိုင် ၊ ဇန်နဝါရီ ၁၅

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဇန်နဝါရီဒုတိယပတ်လောက်ကစပြီး ရာသီအကူးအပြောင်းမှာ ဖြစ်တက်တဲ့ ဆောင်းရာသီတုပ်ကွေးရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များလာတယ်လို့ ဆရာ ဝန်တွေက ပြောပါတယ်။

ဆောင်းရာသီတုပ်ကွေးရောဂါဟာ ကိုဗစ်ရောဂါပုံစံ အသက်ရှုလမ်းကြောင်းကတစ်ဆင့် ကူးစက်တာဖြစ်ပြီး ဝမ်းပျက်ဝမ်းလျောရောဂါက ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနဲ့ကပ်ပါးပိုးတွေ အစာ အိမ်နဲ့ အူလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ခြင်းကြောင့် ဖြစ်ပွားတာပါ။

လတ်တလော အဖြစ်များနေတဲ့ ဆောင်းရာသီ တုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ကလေး သူငယ်၊ လူလတ်ပိုင်းအပြင် အသက်ကြီးပိုင်းတွေကအစ ဖြစ်ပွားမှုများနေပြီး သေဆုံးတာ မတွေ့ရသေးပါဘူး။

“အခုလတ်တလော အဖြစ်များတာက ဝမ်းလျှောဝမ်းပျက် အန်တာပေါ့။ အထက်လန် အောက်လျှောပုံစံမျိုး။ နောက်ပြီးတုပ်ကွေးပေါ့။ အဲဒီနှစ်မျိုးပဲအဖြစ်များတယ်။ အကြောင်းအရင်းကတော့ ဗိုင်းရပ်စ်ပဲပေါ့။ ဗိုင်းရပ်စ်ဆိုတော့ ကိုဗစ်လိုဟာမျိုးပဲပေါ့။ တစ်နည်းအားဖြင့်ဆိုရင်တော့ ဒီအသက်ရှု လမ်းကြောင်းပိုင်းဆိုင်ရာကနေ ကူးစက်တာ” လို့ ဆရာဝန်တစ်ဦးက ပြောပါတယ်။

ဆောင်းရာသီတုပ်ကွေးရောဂါဟာ အသက်ရှုလမ်းကြောင်းကတစ်ဆင့် ကူးစက်တာဖြစ်တဲ့အတွက် အဆုတ်ရောဂါအခံရှိတဲ့သူတွေ ရင်ကျပ်ရောဂါအခံရှိတဲ့ ကလေး၊ လူကြီး မရွေးကူးစက်နိုင်တာကြောင့် သတိထားကြဖို့ ဆရာဝန်တွေက တိုက်တွန်းပါတယ်။

ဒါ့အပြင် လတ်တလော အဖြစ်များနေတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါကလည်း အသက်ရှုလမ်း ကြောင်းအပြင် အထိအတွေ့ တွေကတစ်ဆင့် ကူးစက်တာကြောင့် Mask တပ်တာ၊ လက်ကို သန့် စင်အောင် ဆေးကြောဖို့ အကြုံပြုထားပါတယ်။

စစ်ကောင်စီ ကျန်မာရေးဝန်ကြီးဌာနကတော့ လတ်တလောဆောင်းရာသီမှာ အသက်ရှုလမ်း ကြောင်းဆိုင်ရာ ရောဂါတွေ၊ ရာသီတုပ်ကွေး ရောဂါပိုးတွေ၊ ကိုဗစ် ၁၉ ရောဂါပိုးတွေအပြင် တခြား အဏုဇီဝရောဂါပိုးတွေ ကူးစက်မှုမြင့်တက်လေ့ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရောဂါပိုးတွေ ကူးစက်မှု မြင့်တက်လေ့ရှိတာကြောင့် ကလေးငယ်တွေ၊ အသက်အရွယ် ကြီးရင့်သူတွေအပြင် ကိုယ်ခံအားစနစ်ကျဆင်းနေသူတွေအနေနဲ့ ရောဂါပိုမိုပြင်းထန်စွာခံစားရနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

ပုံစာ-ရေလုပ်သားများအတွက် ဝမ်းပျက်ဝမ်းလျောရောဂါကာကွယ်ရေး လုပ်ဆောင်နေစဉ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.