မကွေး ဇန်နဝါရီ ၁၅
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ ပျူစောထီးတွေက ရခိုင်မှတ်ပုံတင်ကိုင်ဆောင်သူတွေကို အဓမ္မ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရခိုင်မှတ်ပုံတင် ၁၁/ ကိုင်ဆောင်သူ လူငယ်တစ်ဦးကို ဇန်နဝါရီလ ဒုတိယပတ်အတွင်းမှာတင် ပွင့်ဖြူ-ရှောက်တော တံတားမှာ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
“အဲဒီကလေးက ရခိုင်မှတ်ပုံတင်ကိုင်လို့တဲ့ ကောင်လေးကိုင်တဲ့ဖုန်းကအစသိမ်းတာ။ အဲဒီတံတားမှာက ပျူစောထီးတွေပဲရှိတာ။ ထိုးကြိတ်ပြီးတော့ ဖမ်းသွားတယ်။ အဲဒီကလေးရဲ့ ပစ္စည်းတွေကိုကျတော့ နောက်နေ့တန်းရောင်းနေတာ” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီလိုဖြစ်ရပ်မျိုးက ပထမဆုံးအကြိမ်မဟုတ်ဘဲ တံတားကိုဖြတ်လာတဲ့ ခရီးသည်တွေကို မကြာခဏစစ်ဆေးကာ ရခိုင်မှတ်ပုံတင်ကိုင်ဆောင်ရင် ဆဲဆိုတာ၊ ရိုက်နှက်တာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်မှုထမ်းအတွက် စုဆောင်းတာမျိုးတွေလည်းရှိပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ခရီးသွား ၆ ဦးကို ပွင့်ဖြူ-စလင်းလမ်းပိုင်း ပွင့်ဖြူဘက်ခြမ်းမှာ စစ်ကောင်စီက ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပွင့်ဖြူ-ရှောက်တော တံတားကို လုံခြုံရေးယူထားတဲ့ ပျူစောထီးတွေဟာ ဒေသခံစျေးသည်တွေကိုလည်း ဆဲဆိုတာ၊ အဓမ္မငွေညှစ်တာမျိုးတွေလုပ်ဆောင်နေပြီး မကြာခဏဆိုသလို လူငယ်တွေအပေါ် ဦးတည်တိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media