လွိုင်ကော်၊ ဇန်နဝါရီ ၁၅

ကရင်နီပြည်နယ် လွိုင်ကော်မြို့ကို ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရောက်ရှိနေအချိန် ပြည်နယ်ခန်းမနဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warrior For Myanmar – BWM ထံက သိရပါတယ်။

မနေ့ ဇန်နဝါရီ ၁၄ ရက် ည ၇ နာရီအချိန်ခန့်မှာ ဒုစစ်ခေါင်းဆောင် တက်ရောက်နေတဲ့ ညစာစားပွဲကျင်းပရာ ပြည်နယ်ခန်းမကို ရှော့တိုက်ဒုံး ငါးလုံး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံး နှစ်လုံး ပစ်ခတ်ခဲ့ရာ ခြောက်လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒုစစ်ခေါင်းဆောင်ဟာ ဒီကနေ့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ ၇၃ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနား တက်ရောက်ဖို့ ရောက်ရှိနေတာကို သိရှိရတဲ့အတွက် အခုလို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပြည်သူတွေကို နှိပ်စက်နေတဲ့ ခေါင်းဆောင်တွေထဲမှ နံပါတ် ၂ ခေါင်းဆောင်ဟာ အသက်အန္တရာယ်အတွက် အမြဲစိုးရိမ်နေရတဲ့ ခံစားမှုမျိုးရစေဖို့နဲ့ ဖြစ်နိုင်လျှင် သေဆုံးတဲ့အထိ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှု ရှိ မရှိနောက်ဆက်တွဲ အခြေအနေတွေကို ဆက်လက်စုံစမ်းနေတယ်လို့ BWM တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Brave Warrior For Myanmar – BWM အဖွဲ့ရဲ့ ဦးဆောင်မှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) အဖွဲ့နဲ့ (Anti-Coup People’s Liberation Force – ACPLF) အဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီ ၈ ရက်နေ့ကလည်း ဒုစစ်ခေါင်းဆောင် မွန်ပြည်နယ် မော်လမြိုင်မြို့ အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) ကို ရောက်ရှိနေအချိန် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – BWM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.