မော်လမြိုင် ၊ ဇန်နဝါရီ ၁၅

စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းသွားမယ့် တအာင်းတပ် TNLA ရဲ့ ကြေညာချက်အပေါ် ညီနောင်မဟာမိတ်တွေနဲ့ အခြားတော်လှန်ရေးအင်အားစုတွေကလည်း ဟန်ချက်ညီညီတိုက်ထုတ်ဖို့ အသင့် ရှိတယ်လို့ အသိပေးကြေညာခဲ့ကြပါတယ်။

တအာင်းပြည်သူတွေရဲ့ တော်လှန်ရေးအောင်မြင်မှုကို ရေရှည်ထိန်းထားနိုင်ဖို့ မြန်မာနိုင်ငံတဝန်းရှိ တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမယ်လို့ ဇန်နဝါရီ ၁၂ ရက်နေ့က ကျရောက်တဲ့ တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ TNLA က ကြေညာခဲ့တာပါ။

ဒီအပေါ် ကိုးကန့်တပ် MNDAA နဲ့ အာရက္ခတပ်တော် AA တို့က အပြုသဘောနဲ့ ရှုမြင်ပြီး မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေ အမြန်ဆုံးပေါ်ထွန်းလာနိုင်ဖို့ TNLA ထံ ပေးပို့တဲ့ သဝဏ်လွှာမှာ ဆု တောင်းပေးထားပါတယ်။

ဒါ့အပြင် အောင်ပွဲနဲ့အတူပါလာတဲ့ အခက်အခအတားအဆီးတွေကို ကောင်းတူဆိုးဖက် စိတ်ဓာတ်၊ ညီနောင်မဟာမိတ်စိတ်ဓာတ်အပြည့်နဲ့ ဝိုင်းဝန်းဖြေရှင်းဖို့ အမြဲအသင့်ရှိနေကြောင်း အသိပေးခဲ့တာပါ။

အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်ခဲ့တဲ့ ဗိုလ်ကြီးဇင်ယော်က ညီ‌နောင်မဟာ မိတ်သုံးဖွဲ့ရဲ့ ကြေညာချက်နဲ့ သဝဏ်လွှာဟာ ပြတ်သားတာတွေ့ရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဲဒီတော့ သဘောထားကတော့ပြတ်တယ်။ အခု‌မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ သိမ်းပိုက်ထားတဲ့ နေရာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လုပ်လာတာရှိတယ်။ ပြီးရင် နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုပြီးတော့လည်း မဟာမိတ်ညီနောင်သုံးဖွဲ့ကနေ သုံးဖွဲ့စလုံး မရှေးမနှောင်းကာ လတွေမှာ ထုတ်ပြန်လာတာမျိုးရှိတယ်။ အဲဒီတော့ မြေပြန့်အထိဆင်းပြီး တိုက်မယ်ဆိုတာထက် သူတို့ရဲ့ လွတ်မြောက်ပြီးသားနယ်မြေတွေကို ပြန်ပြီးတော့ မဆုံးရှုံးနိုင်ဖို့ အတိုက်အခိုက်အပျက်အ စီးနည်းအောင် ပြီးရင်ကိုယ်ပိုင်အုပ်ချုပ်ရေးပုံစံမျိုးတွေ လုပ်လာဖို့ ဆောင်ရွက်လာမယ့် သဘောမျိုးလို့ မြင်ပါတယ်ခင်ဗျ” လို့ ဆိုပါတယ်။

TNLA နဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ မန္တလေး PDF က တအာင်းအမျိုးသားတွေနဲ့ လက်တွဲပြီး တစ်နိုင်ငံလုံး စစ်အာ ဏာရှင်လက်အောက်ကနေ လွတ်မြောက်ရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေ မှုန်းရေးအတွက် စစ်ဆင်ရေးတွေ ဖော်ဆောင်သွားဖို့ အသင့်ရှိတယ်လို့ ပေးပို့တဲ့သဝဏ်လွှာမှာ ဖော် ပြပါတယ်။

အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် အခြားသော တော်လှန်ရေးအင်အားစုအသီးသီးကလည်း TNLA နဲ့အတူ လက်တွဲတိုက်ပွဲဝင်သွားမယ်လို့ သဝဏ်လွှာပေးပို့ခဲ့ကြတာပါ။

TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းကတော့ အခုနှစ်အတွင်း မြေပြန့်ဒေသနဲ့ အခြားဆက် စပ်ဒေသတွေမှာ တော်လှန်ရေးအဖွဲ့အစည်းတွေက စစ်ရေးအရှိန်ပိုမိုမြှင့်တင်သွားမှာဖြစ်လို့ တိုက်ပွဲအတွင်း ချမှတ်ထားတဲ့ ဘေးကင်းလုံခြုံရေးအစီအမံတွေ အထူးလိုက်နာကြဖို့ သတိပေးခဲ့ပါတယ်။

၂၀၂၄ ခုနှစ်အတွင်း တော်လှန်ရေးရဲ့ အောင်မြင်မှု ရောင်နီသမ်းလာနေပြီးဖြစ်သလို ၂၀၂၅ ခုနှစ်အတွင်းမှာလည်း စစ်အာဏာရှင်အုပ်စုကို ဖြိုချပစ်ဖို့ စည်းလုံးအားနဲ့ တော်လှန်ရေးတာဝန်တွေကို ဆက်ကြိုးပမ်းသွားမယ်လို့ သူကတအာင်းအမျိုးသားတော်လှန်ရေးနေ့ ဂုဏ်ပြုမိန့်ခွန်းမှာ ပြောသွားခဲ့တာပါ။

ဗိုလ်ကြီး ဇင်ယော်ကတော့ တကယ်လို့ တော်လှန်ရေးအင်အားစုတွေ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်မယ်ဆိုရင် နေပြည်တော်ကို ထိုးစစ်ဆင်နိုင်မယ့် လမ်းကြောင်းမျိုး သုံးနိုင်တယ်လို့ သုံး သပ်ပါတယ်။

“မြေပြန့်ဒေသတွေကို ဝင်တာထက် ရှမ်းမြောက်နဲ့ ရှမ်းတောင်ဆိုတဲ့ ကွဲခြားမှုကို ရှမ်းပြည်တစ်ပြည်လုံး စကစအောက်ကနေ လွတ်မြောက်သွားအောင် ရှမ်းမြောက်-ရှမ်းတောင်မှသည် ကရင်နီဘက်အထိ အဲဒီကနေတဆင့် နေပြည်တော်ကို ထိုးစစ်ဆင်နိုင်မယ့် လမ်းကြောင်းမျိုးကို သုံးသွားမယ်လို့ ကျွန်တော်တော့ မြင်ပါတယ်ဗျ” လို့ ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်မှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင် နယ်စပ်ကုန် သွယ်ရေး မြို့တချို့နဲ့ မြို့ပေါင်း ၂၄ မြို့ကို ညီနောင်မဟာမိတ်သုံးဖွဲ့က ထိန်းချုပ်ထားတဲ့အတွက် ဆက်လက်သိမ်းပိုက်ဖို့ မြို့ တချို့သာ ကျန်ရှိတော့တာပါ။

ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းကတော့ ပြောင်းလဲလာတဲ့ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းနဲ့အတူ အိမ် နီးချင်းနိုင်ငံတွေရဲ့ စေ့စပ်လှုံ့ဆော်မှုတွေကနေ ပေါ်ပေါက်လာမယ့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့လည်း အမြဲအ ဆင်သင့်ရှိနေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်သစ် ထူ ထောင်ရေးအတွက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/ TNLA ) အနေနဲ့ တခြားတော်လှန်ရေးအင်အားစုတွေနဲ့ ဟန်ချက်ညီညီ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က တရုတ်အနေနဲ့ တွေ့ဆုံဆွေးနွေးဖို့ TNLA ကို ပြောပြီး စစ်ကောင်စီကိုတော့ လေကြောင်းထိုးစစ်တွေ ရပ်ဆိုင်းပေးဖို့ မပြောတဲ့အတွက် အခုလို တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက် ထွက်လာတာလို့ သုံးသပ်ပါတယ်။

“လေကြောင်းထိုးစစ်တွေက TNLA ဒေသကို ဆက်လက်တိုက်ခိုက်ပြီး ပြည်သူလူထုရပ်တည်လို့ မရအောင် နောက်ပြီးတော့ လူထုသေကြေဒဏ်ရာရတဲ့ အနေအထားဖြစ်အောင် လုပ်နေတဲ့ အနေအ ထားရှိတယ်။ ဒီအတွက် တရုတ်က ဘာမှတာဝန်ယူတာ မဟုတ်ဘူး။ စစ်ကောင်စီကလည်း မရပ်ဘူး။ အဲဒါတွေ များလာတဲ့အခါ ကျတော့ အခု TNLA အနေနဲ့ မန္တလေး PDF တွေနဲ့ ဆက်ပြီး ပူးပေါင်းတိုက်ပွဲဝင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ထွက်လာတာပေါ့ဗျာ။ ဒါပေမယ့် အဲဒါတွေက ဘယ်လိုပူးပေါင်းမှာလည်း ဘယ်အတိုင်းအတာအထိ ပါဝင်မှာလည်းဆိုတာတော့ စောင့်ကြည့်ရမယ့် အနေအ ထားလို့ ကျွန်တော်တော့နားလည်ပါတယ်” လို့ ဆိုပါတယ်။

TNLA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း မြို့ပေါင်း ၁၂ မြို့ ကို ထိန်းချုပ်ထားပြီး တရုတ်အစိုးရရဲ့ ဖိအားပေးမှုနဲ့အတူ ကြားဝင်ညှိနှိုင်းမှုကြောင့် စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာနှောင်းပိုင်းမှာ ကြေညာခဲ့ပါတယ်။

လက်ရှိမှာတော့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရတဲ့အတွက် လေကြောင်းအန္တရာယ်ကို တာဝန်သိသိ သတိရှိရှိ နေကြဖို့ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက မေတ္တာရပ်ခံထားတာပါ။

တစ်ဘက်မှာ အရှိန်ကောင်းရလာတဲ့ တော်လှန်ရေးရေစီးကြောင်း စည်းလုံးညီညွတ်မှုအင်အားတွေကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံအတွင်း ကျန်ရှိနေတဲ့ ဘုံရန်သူရဲ့ ထောက်တိုင်တွေကို အပြီးတိုင် ဖြိုလှဲပစ်ရမယ်လို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.