အဘိုင်ဂျန်၊ ဇန်နဝါရီ ၁

အိုင်ဗရီကို့စ်သမ္မတ အလက်ဆိန်း အော်တာရာက ဒီဇင်ဘာ ၃၁ ရက်က နှစ်သစ်ကူး မိန့်ခွန်း ပြောကြားရာမှာ မြို့တော် အဘိုင်ဂျန်မှာရှိတဲ့ စစ်အခြေစိုက်စခန်း ထိန်းချုပ်မှုကို ပြင်သစ်တပ်တွေက မိမိတို့ဆီ လွှဲပြောင်းပေးအပ်တော့မှာ ဖြစ်ပြီး နိုင်ငံသားတွေအနေနဲ့ ကိုယ့်နိုင်ငံ တပ်ဖွဲ့တွေအတွက် ဂုဏ်ယူသင့်ကြောင်း ပြောကြားလိုက်ပါတယ်။

ပြင်သစ်တပ်တွေက သူတို့ရဲ့ ကိုလိုနီနယ်ဟောင်း အိုင်ဗရီကို့စ်ကနေ ပြန်လည် ဆုတ်ခွာသွားမှာဖြစ်ကြောင်း သမ္မတ အော်တာရာက ပြောဆိုထားတာပါ။

အိုင်ဗရီကို့စ် အပါအဝင် အနောက်နဲ့ ဗဟို အာဖရိကနိုင်ငံတွေမှာ ရှိနေတဲ့ စစ်အင်အားကို လျှော့ချဖို့ ပြင်သစ်က စဉ်းစားနေတာ ကြာပြီ ဖြစ်ကြောင်း ရိုက်တာသတင်းက ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ ဖော်ပြခဲ့ပါတယ်။

ပြင်သစ်က အနောက်အာဖရိကကို ကိုလိုနီပြုခဲ့ပြီး ၁၉၆၀ ပြည့်နှစ် အတွင်းမှာ ကိုလိုနီပြုမှု အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုတွေ ဖြစ်ပွားပြီး ပြင်သစ် ဆန့်ကျင်ရေး စိတ်သဘောထားတွေ အင်အားကြီးလာခဲ့တဲ့ မာလီ၊ ဘာကီနာဖာဆိုနဲ့ နိုင်ဂျာနိုင်ငံတို့ရှိ သူတို့ရဲ့ တပ်ဖွဲ့တွေကို ပြင်သစ်က ပြန်လည် ခေါ်ယူထားပြီး ဖြစ်ပါတယ်။

သီးခြား အနေနဲ့ ပြင်သစ်တပ်တွေ သူတို့ နယ်မြေထဲက ပြန်လည် ဆုတ်ခွာမှာ ဖြစ်ကြောင်း ကြေညာထားတဲ့ ဆီနီဂေါက အဲဒီလို ပြန်လည် ဆုတ်ခွာမှုဟာ ၂၀၂၅ ခုနှစ်မှာ ပြီးဆုံးမှာ ဖြစ်ကြောင်း အတည်ပြုထားပါတယ်။

အနောက်အာဖရိကမှာ ပြင်သစ်စစ်သား အများဆုံး ရှိနေသေးတဲ့ နိုင်ငံဟာ အိုင်ဗရီကို့စ် ဖြစ်ပြီး တပ်ဖွဲ့ဝင် အင်အား ၆၀၀ ကျော်အထိ ရှိနေသေးတာ ဖြစ်ပါတယ်။

နိုင်ဂျာ၊ မာလီနဲ့ ဘာကီနာဖာဆိုနိုင်ငံတို့ဟာ ပြင်သစ်တပ်တွေ ဆုတ်ခွာ သွားပြီးနောက် ရုရှားနဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက်လာတာ တွေ့ရပါတယ်။

ပြင်သစ်ဆီကနေ လွတ်လပ်ရေး ရရှိပြီး ဆယ်စုနှစ် သုံးနှစ်အကြာ အိုင်ဗရီကို့စ်မှာ ဘာသာရေးနဲ့ လူမျိုးရေး စည်းချက်ညီနေပြီး စီးပွားရေးလည်း တည်ငြိမ်စွာ ဖွံ့ဖြိုးခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၀၂ ခုနှစ်မှာ လက်နက်ကိုင်တော်လှန်ရေးကြောင့် နိုင်ငံနှစ်ခြမ်းကွဲသွားခဲ့ပါတယ်။

ငြိမ်းချမ်းရေး သဘောတူညီမှုတွေ ရရှိလိုက် အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားလိုက်နဲ့ နောက်ဆုံးမှာတော့ ပြန်လည်ရင်ကြားစေ့ရေး ငြိမ်းချမ်းရေးဆီ ဖြည်းဖြည်းချင်း လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။

Ref:AFP/BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.