ဘေဂျင်း၊ ဇန်နဝါရီ ၁
တရုတ်နဲ့ ရုရှားတို့ဟာ အမြဲတမ်း လက်ချင်းတွဲပြီး မှန်ကန်တဲ့ လမ်းကြောင်းမှာ ရှေ့ဆက်နေတယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဒီဇင်ဘာ ၃၁ ရက်က ဖော်ပြပါတယ်။
နှစ်နိုင်ငံကြား အဓိကကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ခေတ်သစ် မဟာဗျူဟာမြောက် လက်တွဲရေး သဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် လများစွာအကြာမှာ အခုလို ပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

နှစ်နိုင်ငံလုံးရဲ့ ပြိုင်ဖက်တွေဖြစ်တဲ့ အမေရိကန်၊ ထိုင်ဝမ်နဲ့ ယူကရိန်းတို့လို နှစ်နိုင်ငံ အကျိုးစီးပွားတွေရှိတဲ့ နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး နက်ရှိုင်းလာအောင် ဆောင်ရွက်ရေး နိုင်ငံ့ခေါင်းဆောင် နှစ်ဦးက ပြီးခဲ့တဲ့နှစ် မေလမှာ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင် အနေနဲ့ ၂၀၂၅ ခုနှစ်အတွင်း ရုရှားနိုင်ငံဆီ သွားရောက်မှာ ဖြစ်ကြောင်း ဘေဂျင်းအခြေစိုက် ရုရှားသံအမတ်ကြီးကို ကိုးကားပြီး ရုရှားနိုင်ငံပိုင် RIA သတင်းဌာနက ဖော်ပြထားပါတယ်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ နှစ်သစ်ကူး အပြန်အလှန် နှုတ်ဆက်ရာမှာ သမ္မတ ရှီက နှစ်နိုင်ငံကြား ယုံကြည်မှုနဲ့ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ချီးကျူးပြီး ပူတင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားလိုတယ်လို့ ပြောကြားခဲ့တာပါ။

အမျိုးမျိုးသော နယ်ပယ်တွေမှာ တရုတ်နဲ့ ရုရှား ပူးပေါင်းဆောင်ရွက်မှုကြောင့် အခွင့်အလမ်းအသစ်တွေ ဆက်လက် ပေါ်ပေါက်လာမှာ ဖြစ်တယ်လို့ သမ္မတ ရှီက ဖြည့်စွက် ပြောဆိုထားပါတယ်။
ရှီကျင့်ဖျင်ဟာ တတိယမြောက် သမ္မတသက်တမ်း သေချာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်မှာ ကရင်မလင် နန်းတော်ကနေ ချစ်ခင်လေးစားရတဲ့ မိတ်ဆွေအဖြစ် လက်ခံ ကြိုဆိုခဲ့ပါတယ်။
တရုတ်ဟာ ယူကရိန်းသို့ ရုရှားရဲ့ကျူးကျော် ဝင်ရောက်မှုကို လူသိရှင်ကြား ပြစ်တင် ရှုတ်ချဖို့ ငြင်းဆိုထားပြီးနောက် တရုတ်၊ ရုရှားနဲ့ အီရန်တို့က အမေရိကန် အားလျော့အောင် တိတ်တဆိတ် လုပ်ဆောင်နေကြတယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။
Ref:Reuters

