ဒါကာ၊ ဒီဇင်ဘာ ၃၁

နယ်စပ်တင်းမာမှုတွေနဲ့ ပတ်သက်လို့ မြန်မာဘက်က စစ်ကောင်စီ၊ အာရက္ခတပ်တော် AA နှစ်ဖွဲ့စလုံးနဲ့ ဆက်သွယ် ဆွေးနွေးနေတယ်လို့ ပါမောက္ခ မိုဟာမက် ယူနာ့စ် ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ချ် ယာယီ အစိုးရက ဒီဇင်ဘာ ၃၀ ရက်မှာ ပြောကြားလိုက်ပါတယ်။

၂၇၁ ကီလိုမီတာ ရှည်လျားတဲ့ နယ်စပ်တစ်ခုလုံးကို အခုအချိန်မှာ အာရက္ခတပ်တော် AA က ထိန်းချုပ်ထားကြောင်း၊ တခြား တစ်ဖက်မှာ နိုင်ငံကို စစ်ကောင်စီက အုပ်ချုပ်နေတာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ချ် ပြည်ထဲရေးဝန်ကြီးဌာန အကြံပေးအရာရှိ အငြိမ်းစား ဒုဗိုလ်ချုပ် အလန် ချောင်ဟူရီက မြန်မာနဲ့ ထိစပ်နေတဲ့ အရှေ့တောင်ပိုင်းဒေသ တက္ခနက်ဖ်သို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း သတင်းထောက်တွေကို ပြောကြာခဲ့တာပါ။

ဒါကြောင့် ဘင်္ဂလားဒေ့ချ်အနေနဲ့ နယ်စပ်အခြေအနေနဲ့ ပတ်သက်လို့ နှစ်ဖက်စလုံးနဲ့ ဆက်သွယ် ဆွေးနွေးနေရတယ်လို့ အဲဒီပြည်ထဲရေး အကြံပေးအရာရှိက ပြောပါတယ်။

ဘင်္ဂလားဒေ့ချ် လုံခြုံရေးတပ်ဖွဲ့တွေဟာ နယ်စပ်မှာ ကိုယ့်တာဝန်ကိုယ် သတိထား ထမ်းဆောင်နေကြပြီး ဘာပြဿနာမှ ရင်မဆိုင်ရသေးဘူးလို့ အရာရှိ ချောင်ဟူရီက ပြောပါတယ်။

ဘင်္ဂလားဒေ့ချ် နယ်ခြားစောင့်တပ် BGB အပါအဝင် လုံခြုံရေးတပ်ဖွဲ့အားလုံး သူတို့ တာဝန်ကို သတိ အများဆုံးထား ထမ်းဆောင်နေကြပြီး တရားဥပဒေ စိုးမိုးမှု အမြဲ ရှိနေစေရေး အဓိက ကြိုးပမ်းနေတယ်လို့ သူက ဖြည့်စွက် ပြောကြားထားပါတယ်။

ဒါပေမဲ့ နယ်စပ်မှာ ရံဖန်ရံခါ ဆိုသလို မော်တာသေနတ်တွေနဲ့ ပစ်ခတ်မှုတွေ၊ တခြား လက်နက်တွေနဲ့ ပစ်ခတ်မှုတွေ ရှိနေတယ်လို့ သူက အသိပေးထားပါတယ်။

ဒါကြောင့် နတ်မြစ်မှာ ငါးဖမ်းဖို့က လောလောဆယ် အန္တရာယ် မကင်း သေးဘူးလို့ ဆိုပြီး အခြေအနေ ပေးလာရင် ဒီကိစ္စနဲ့ ပတ်သက်လို့ အစိုးရက ဆုံးဖြတ်ပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

AA က စစ်ကောင်စီ တပ်ဖွဲ့တွေကို တိုက်ထုတ်ပြီး ရခိုင်တစ်ပြည်လုံး သိမ်းပိုက်တော့မယ့်အချိန် နယ်စပ်မှာ ဘင်္ဂလားဒေ့ချ်က လုံခြုံရေး အင်အား ဖြည့်တင်းထားကြောင်း သတင်းထွက်နေပြီးတဲ့နောက် အရာရှိ ချောင်ဟူရီရဲ့ အခုလို ပြောဆိုမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Ref: PTI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.