ဝါရှင်တန်၊ နိုဝင်ဘာ ၅
အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း နှစ်ဦး အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပြည်နယ်တွေမှာ သူဌေးကြီး အီလွန်မက်စ်ရဲ့ နိုင်ငံရေး အုပ်စုက မဲပေးသူတွေကို ဒေါ်လာ ၁ သန်းစီ ဆက်ပြီး ပေးခွင့်ရှိတယ်လို့ တရားသူကြီး တစ်ဦးက ဆုံးဖြတ်လိုက်ပါတယ်။
အီလွန်မက်စ်ရဲ့ America PAC အုပ်စုက အဲဒီ ပြည်နယ်တွေမှာ မဲပေးသူတွေကို တစ်ရက် ဒေါ်လာ ၁ သန်းစီ ပေးနေတာဟာ နိုဝင်ဘာ ၅ ရက် အမေရိကန်သမ္မတ ရွေးကောက်ပွဲ စတင်တဲ့နေ့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။
နောက်ဆုံး ဒေါ်လာ ၁ သန်း ဘယ်သူ ရရှိမလဲ ဆိုတာကို ဆုံးဖြတ်ပြီး ဖြစ်တယ်လို့ နိုဝင်ဘာ ၄ ရက်က အမှု ကြားနာစစ်ဆေးချိန်အတွင်း ဘီလျံနာ သူဌေးကြီး အီလွန်မက်စ်ရဲ့ ရှေ့နေက ပြောကြားခဲ့ပါတယ်။
လူအများ ယုံကြည်ထားသလို ထီလက်မှတ် ဖောက်ပေးတဲ့ ပုံစံမျိုး ရွေးချယ်မှုအတွင်း ငွေကြေး လက်ခံရရှိမယ့် လူတွေကို ကြုံသလို ရွေးချယ်တာ မဟုတ်ဘဲ အဲဒီ America PAC အုပ်စုက ရွေးချယ်တာ ဖြစ်တယ်လို့ အီလွန်မက်စ်ရဲ့ ရှေ့နေက ပြောပါတယ်။
ကိုယ်စားလှယ် နှစ်ဦးစလုံး အနိုင်ရနိုင်ခြေ ဆတူရှိတဲ့ ပြည်နယ်တွေမှာ မဲပေးသူတွေထဲက တစ်ရက်ကို တစ်ဦးနှုန်း ဒေါ်လာ ၁ သန်း ပေးအပ်သွားမယ်လို့ အီလွန်မက်စ်က ကြေညာခဲ့ပြီးနောက် ဒါဟာ တရားမဝင် ထီလက်မှတ် ဖောက်ပေးတာ ဖြစ်တယ်ဆိုပြီး ဖီလာဒေးဖီးယား ပြည်နယ် အုပ်ချုပ်ရေးမှူးက တရားစွဲဆိုခဲ့ပါတယ်။
ပန်ဆယ်ဗေးနီးယား တရားသူကြီးက အမှုကြားနာပြီး နာရီပိုင်းအကြာမှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အတွက် အကြောင်းရင်းကိုတော့ ထုတ်မပြောသေးပါဘူး။
အီလွန်မက်စ်ရဲ့ အခုလုပ်ရပ်က ရွေးကောက်ပွဲအတွက် အရေးပါတဲ့ ပြည်နယ်တွေမှာ သမ္မတဟောင်း ဒေါ်နယ် ထရန့် အနိုင်ရအောင် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။
အီလွန်မက်စ်က အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပထမအကြိမ် ပြင်ဆင်ချက်နဲ့ ဒုတိယအကြိမ် ပြင်ဆင်ချက်ကို ထောက်ခံ မဲပေးတဲ့ မှတ်ပုံတင်ပြီးသား မဲပေးသူတွေအတွက် တစ်ရက်ကို ဒေါ်လာ ၁ သန်း စီပေးတာက ကြုံသလို ရွေးချယ်ပြီး ပေးနေတာလို့ အများက ယူဆထားခဲ့တာ ဖြစ်ပါတယ်။
လူတွေကို ငွေပေးပြီး မဲထည့်ခိုင်းတာကို ဥပဒေအရ တားမြစ်ထားတာကြောင့် America PAC အုပ်စုရဲ့လုပ်ရပ်ဟာ ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်ရာကျနိုင်တယ်လို့ အမေရိကန် တရားရေးဌာနက ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ အီလွန်မက်စ်က ရီပက်ဘလေကန် ကိုယ်စားလှယ်လောင်း ထရန့် အတွက် အခုလိုမျိုး ဖိဖိစီးစီး မဲဆွယ် ပေးခဲ့တာလည်း ဖြစ်ပါတယ်။
Ref:BBC