ကွာလာလမ်ပူ၊ နိုဝင်ဘာ ၅

နှစ်နိုင်ငံစလုံးက သူတို့ပိုင်ဆိုင်တယ်လို့ ပြောဆိုထားတဲ့ တောင်တရုတ် ပင်လယ်ထဲမှာ ကျောက်တန်းတည်ဆောက်မှုကို ဗီယက်နမ်က တိုးချဲ့ဆောက်လုပ်နေတယ်ဆိုတဲ့ ကိစ္စအတွက် မလေးရှားက ကန့်ကွက်ကြောင်း အသိပေးစာ တစ်စောင်ကို ဟနွိုင်းအစိုးရဆီ ပေးပို့ထားတယ်လို့ အရာရှိ နှစ်ဦးက ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။

ဒါက တရုတ် မပါဝင်ဘဲ မလေးရှားနဲ့ ဗီယက်နမ်ကြား ရှားရှားပါးပါး တင်းမာမှု အရှိန် မြင့်တက်မှုဖြစ်ပါတယ်။

ဖိလစ်ပိုင်နဲ့ တရုတ်တို့ မကြာခဏ ထိပ်တိုက်တွေ့နေပြီး ဗီယက်နမ်နဲ့ မကြာမကြာ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်မှာ နိုင်ငံတော်တော်များများ သူတို့ပိုင်ဆိုင်တယ်လို့ ကိုယ်စီ ပြောဆိုနေကြပြီး ရေပြင် အများစုကို ဘေဂျင်းက သူတို့ အချုပ်အခြာ အာဏာပိုင်တယ်လို့ တုံ့ပြန်ထားပါတယ်။

မလေးရှားနဲ့ ဗီယက်နမ်ကြား ဖြစ်ပွားတဲ့ အငြင်းပွားမှုဟာ နိုင်ငံအများအပြား ပါဝင်နေတဲ့ တောင်တရုတ်ပင်လယ် အငြင်းပွားမှုအတွင်း နောက်ဆုံး ဖြစ်ရပ် ဖြစ်ပါတယ်။

အငြင်းပွားမှု အများဆုံး နေရာကတော့ စပရက်တလေကျွန်းစု တဝိုက်ရှိ နေရာတွေ ဖြစ်ပြီး ဒီဒေသကို တရုတ်၊ ထိုင်ဝမ်၊ မလေးရှား၊ ဗီယက်နမ်၊ ဘရူနိုင်းနဲ့ ဖိလစ်ပိုင်တို့ အားလုံးက သူတို့ ပိုင်တယ်လို့ အသီးသီး ပြောဆိုထားကြပါတယ်။

ဗီယက်နမ်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ကြောင်း အသိပေးတဲ့ စာကို မလေးရှားက အောက်တိုဘာ လဆန်းပိုင်းကတည်းက ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနဆီ ပေးပို့ထားပေမယ့် အခုအချိန်အထိ အကြောင်း မပြန်သေးဘူးလို့ ဆိုပါတယ်။

ဗီယက်နမ်က အဆောက်အဦတွေ တော်တော်များများ တည်ဆောက်ထားတဲ့ စပရက်တလေကျွန်းစုထဲက ကျွန်းငယ်လေး တစ်ခုမှာကျောက်တန်းကို ဗီယက်နမ်က တိုးချဲ့ တည်ဆောက်နေတယ်လို့ ဝါရှင်တန် အခြေစိုက် တတ်သိပညာရှင်များအဖွဲ့ Center for Strategic and International Studies က ဂြိုဟ်တု ပုံရိပ်တွေကို လေ့လာပြီး ဖော်ပြထားပါတယ်။

အဲဒီ ကျောက်တန်းပေါ်မှာ ဗီယက်နမ်က လေယာဉ် ဆင်းလို့ရမယ့် နေရာတစ်ခုလည်း တည်ဆောက်ထားတယ်လို့ Radio Free Asia သတင်းဌာနက အောက်တိုဘာလ နှောင်းပိုင်းက ဖော်ပြခဲ့ပါတယ်။
မလေးရှားက ကန့်ကွက်ကြောင်း စာပို့ထားမှုနဲ့ ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့ တောင်းဆိုခဲ့ပေမယ့် ဗီယက်နမ်နဲ့ မလေးရှားတို့ရဲ့ သက်ဆိုင်ရာနိုင်ငံခြားရေးဝန်ကြီးဌာနတွေဘက်က တုံ့ပြန်မှု မရှိပါဘူး။

ဗီယက်နမ်နဲ့ မလေးရှားကြား အခုလို အငြင်းပွားတာဟာ အင်မတန်မှ ကြုံတောင့်ကြုံခဲ ဖြစ်ပေမယ့် ရေပြင်ပိုင်နက် ကျူးကျော် ဝင်ရောက်လာတယ်ဆိုတဲ့ ဗီယက်နမ် ငါးဖမ်းသမားတွေကိုတော့ မလေးရှားက ဖမ်းဆီးလေ့ရှိပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.