ကမ်းနီအုပ်ချုပ်ရေးမှူး ဖမ်းဆီးသတ်ဖြတ်ခံရ

0
17

ကော့ကရိတ်၊ မေ ၁၀

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကမ်းနီကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်ထွန်းလင်းကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အသက် ၄၀ ကျော်အရွယ် အုပ်ချုပ်ရေးမှူး နိုင်ထွန်းလင်းကို မေ ၉ ရက်နေ့ ည ၆ နာရီအချိန်ခန့်မှာ လက်နက်ကိုင်အဖွဲ့ဝင် ၃ ဦးက စစ်ဆေးမေးမြန်းစရာ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားတဲ့ အုပ်ချုပ်ရေးမှူး နိုင်ထွန်းလင်းရဲ့ အလောင်းကို မေ ၁၀ ရက်နေ့ မနက်အစောပိုင်းက ကမ်းနီး-တံတားဦးရွာအကြား တံတားငယ်တစ်ခုပေါ်မှာ ပြန်လည်တွေ့ရှိခဲ့တာပါ။

အလောင်းပြန်လည် တွေ့ရှိချိန်မှာ အုပ်ချုပ်ရေးမှူး နိုင်ထွန်းလင်းဟာ ဦးခေါင်းနဲ့နားထင်မှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့ သေဆုံးနေတာပါ။

နိုင်ထွန်းလင်းကို လက်နက်ကိုင်အဖွဲ့တွေ ဝင်ရောက်ဖမ်းဆီးချိန်မှာ အဲဒီထဲက အဖွဲ့ဝင်တချို့ မွန်စကားပြောတာ ကြားရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေရဲ့ပြောပြချက်အရ သိရှိရပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ အုပ်ချုပ်ရေးမှူး နိုင်ထွန်းလင်းဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့တဲ့ ကမ်းနီတိုက်ပွဲပြီးနောက် အုပ်ချုပ်ရေးမှူးရာထူးကနေ နှုတ်ထွက်စာတင်ပြီး ပြောင်းရွှေ့နေထိုင်ကာ နေအိမ်ပြန်ရောက်တာ မကြာသေးဘူးလို့ သိရပါတယ်။

ကမ်းနီကျေးရွာအနီးတဝိုက်မှာ မွန်ပြည်သူစစ်အဖွဲ့၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD ၊ ဒေသခံ PDF နဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေလည်း လှုပ်ရှားတဲ့ နယ်မြေတစ်ခု ဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူး နိုင်ထွန်းလင်း ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းတွေကမှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.