မြန်မာ့အရေး သက်ဆင်ကြားဝင်ဖြေရှင်းမှု နိုင်ငံခြားရေးမူဝါဒနဲ့ မသက်ဆိုင်ဘူးလို့ ထိုင်းအစိုးရပြော

0
19

ဘန်ကောက်၊ မေ ၉

မြန်မာနိုင်ငံရှိ တော်လှန်ရေးအင်အားစုတွေနဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာ ဆွေးနွေးမှုဟာ ပုဂ္ဂိုလ်ရေးအဆင့် ဆွေးနွေးမှုဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်မှုမရှိဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီယန်ပွန်ဆာက မေ ၇ ရက်နေ့မှာ ပြောကြားပါတယ်။

ဒီကိစ္စဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စဖြစ်ပြီး ထိုင်းအစိုးရ ပါဝင်ပတ်သက်မှုမရှိဘူးလို့ မာရစ်က ပြောကြားပြီး သက်ဆင်နဲ့ မြန်မာ့တော်လှန်ရေးအင်အားစုတွေကြား တွေ့ဆုံမှုကို အတည်ပြုထားပါတယ်။

သက်ဆင်ဟာ လူသိများပြီး အဆက်အသွယ်များသူ ဖြစ်တယ်ဆိုတာကို မိမိတို့ဝန်ခံရမှာဖြစ်ပြီး မြန်မာ့ပြဿနာဖြေရှင်းရေး သူကူညီနိုင်တယ်လို့ ယုံကြည်ထားကြောင်း ဝန်ကြီးများအဖွဲ့ အပတ်စဉ် အစည်းအဝေးမတိုင်ခင် အစိုးရအိမ်တော်မှာ မာရစ်က ပြောကြားပါတယ်။

သက်ဆင်နဲ့ မြန်မာတော်လှန်ရေးအင်အားစုတွေ တွေ့ဆုံဆွေးနွေးမှုမှာ ထိုင်းအစိုးရ ပါဝင်ပတ်သက်မှုမရှိဘူးလို့ သူကဖြည့်စွက်ပြောကြားပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခကို ဖြေရှင်းရေး သက်ဆင်က ကေအိုင်အို၊ အန်ယူဂျီတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သက်ဆင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဗီအိုအေသတင်းဌာနက မေ ၆ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

သက်ဆင်ဟာ ရှမ်းပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့အပါအဝင် အခြားအဖွဲ့တွေနဲ့ တွေ့ဆုံပြီးနောက်မှ အဲဒီတွေ့ ဆုံမှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဗီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းအစိုးရအနေနဲ့ အခြားအာဆီယံအဖွဲ့ဝင်တွေနဲ့ လက်တွဲဆောင်ရွက်ပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေး ဆောင်ရွက်သွားမှာဖြစ်ပြီး မိမိတို့ရဲ့ နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲရှိမှာမဟုတ်ဘူးလို့ မာရစ်ကပြောပါတယ်။

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ရှည်ကြာနေမယ်ဆိုရင် ထိုင်းနိုင်ငံအနေနဲ့ တိုက်ရိုက်ထိခိုက်မှာဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေတယ်လို့ မာရစ်ကပြောပေမယ့် အသေးစိတ်ကို ပြောဆိုတာမရှိပါဘူး။

နိုင်ငံခြားရေးဝန်ကြီးအသစ် မာရစ်ဟာ သက်ဆင်နဲ့ ရှည်ကြာတဲ့ အပေါင်းအသင်းဖွဲ့မှုရှိခဲ့သူလည်း ဖြစ်ပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.