အပူချိန်ပြင်းထန်မှုကြောင့် မွန်ပြည်နယ်က မွေးမြူရေးလုပ်ငန်းတွေအရှုံးပေါ်

0
33

မော်လမြိုင် ၊ ဧပြီ ၂၇

မွန်ပြည်နယ်မှာ တခြားတိုင်းနဲ့ပြည်နယ်နည်းတူ အပူချိန်ပြင်းထန်နေတာကြောင့် မွေးမြူရေးကြက်နဲ့ဝက်တွေ သေဆုံးမှုမြင့်တက်လာပြီးနောက် လုပ်ငန်းအများစု အရှုံးပေါ်နေကြတယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွေးမြူရေး ကြက်နဲ့ဝက်တွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အယ်လ်နီညိုရာသီဥတုကြောင့် အပူချိန်တအားပြင်းထန်တဲ့အတွက် ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးတာတွေရှိသလို ရေလုံလောက်အောင် မပေးနိုင်တာကြောင့်လည်း သေဆုံးမှုတွေ ရှိနေတာပါ။

တဖက်မှာတော့ မွေးမြူရေး ကြက်နဲ့ဝက်တွေအတွက် လိုအပ်တဲ့ ဆေးဝါးဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတာကြောင့်လည်း အရင်လို လိုအပ်တဲ့ဆေးဝါးတွေကို မတိုက်ကျွေးနိုင်တဲ့အတွက်လည်း သေဆုံးမှု မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။

“ရာသီဥတုကတော့ ပူတော့လေ ဒီအချိန်ကတော့ သူတို့မွေးမြူရေးက တော်တော်လေး ရိုက်ခတ်တာတွေ ရှိတာပေါ့။ ကြက်မွေးတာရော၊ ဝက်မွေးတာရော၊ အပူဒဏ်ကြောင့် ကြက်တွေဆိုရင် တော်တော်များများ ပျက်စီးတာရှိတယ်။ တချို့ဆိုရင် ၂၀ ရာခိုင်နှုန်းလောက်ထိ ပျက်စီးတာရှိတယ်။ သူကရောဂါဆိုတာထက် ဒီအပူဒဏ်ကို ထိပြီးတော့ ဦးနှောက်သွေးကြောပြတ်ပြီးတော့ သေတာများတယ်။ ဈေးကွက်လည်း မကောင်းသလို မွေးသမားလည်း တော်တော်လေးနည်းသွားပါပြီ”လို့ မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဆက်လက်ပြီး အပူချိန်ပြင်းထန်နေပါက မွေးမြူရေးလုပ်ငန်းတွေမှာ ကြက်နဲ့ဝက်သေဆုံးမှုတွေ ထပ်မံမြင့်တက်လာနိုင်သလို စနစ်တကျ ဆေးဝါးမတိုက်ကျွေးပါကလည်း ဆုံးရှုံးမှုတွေ ကြီး မားလာနိုင်တယ်လို့ ဆိုပါတယ်။

မွေးမြူရေးလုပ်ငန်းရှင် တစ်ဦးကလည်း ရာသီဥတုအပူချိန်ကြောင့် ကြက်တွေ နေ့တိုင်းနီးပါး သေ ဆုံးမှုရှိနေပြီး ဆေးဈေးနှုန်းလည်း ကြီးမြင့်နေသလို သေဆုံးကြက်တွေကလည်း ဈေးမရတာကြောင့် လုပ်ငန်းတွေ အများကြီးလျော့ချထားရတယ်လို့ ပြောပါတယ်။

“ရာသီဥတုအရမ်းပူတော့ ကြက်တွေသေတယ်။ တစ်နေ့ကို တစ်ကောင်နှစ်ကောင် အဲဒီလိုသေတယ် ။ အဲဒါနဲ့ဆေးတိုက်နေရတယ်။ ဆေးကလည်း အခုအကောင် ၁၀၀၀ စာ တိုက်ဖို့ဆိုရင် တစ်နေ့ကို ၄၀၀၀၀ လောက် ကုန်တယ်လေ။ ပန်ကာဖွင့်ဖို့ကလည်း မီးတွေမလာဘူးလေ။ ရောင်းလို့ရှိရင်လည်း တစ်ကောင်ကို ဘယ်လောက်ပေးလဲဆိုတော့ ၂၀၀၀ ၊ ၁၀၀၀ ၊ ၁၅၀၀ ပဲပေးတယ်။ ဘယ်လိုမှ အဆင်မပြေဘူး။ ကြက်သားပေါက်ဈေးပဲရှိတယ်။ လုပ်ငန်းအများကြီးလျော့ထားတယ်။ ရုံတွေတော့လည်း ဒီအတိုင်းပဲ လွတ်တဲ့ဟာတွေ အများကြီးထားတာတယ်။ အများကြီးလျှော့လိုက်ပြီး”လို့ ဆိုပါတယ်။

မွေးမြူရေးလုပ်ငန်းတွေဟာ သွင်းအားစုတွေဖြစ်တဲ့ အစာနဲ့ဆေးဝါး ဈေးနှုန်းကြီးမြင့်နေတာအပြင် သေဆုံးမှုတွေ များလာတာကြောင့် အရင်လိုအသစ်တွေ ထပ်ထည့်ပြီး မွေးမြူနိုင်ခြင်း မရှိတော့ဘဲ အရှုံးပေါ်နေတဲ့အတွက် လုပ်ငန်းရပ်နားရမယ့်အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မွေးမြူရေးလုပ်ငန်းတွေဟာ ထုတ်လုပ်မှုစရိတ်ကြီးမြင့်ပြီး သေဆုံးမှုတွေရှိပေမယ့် ဈေးကွက်အတွင်း ဈေးကောင်းရရှိမှုမရှိသလို တဖက်နိုင်ငံတွေက တရားမဝင်အေးခဲအသားတွေ ဝင်ရောက်နေတာကြောင့် အခက်ကြုံနေရတာပါ။

ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက် သွင်းအားစုတွေဖြစ်တဲ့ အစားနဲ့ဆေးဝါး ဈေးနှုန်း ၂ ဆကျော် မြင့်တက်နေတာ၊ သယ်ယူပို့ဆောင်ရေးစရိတ် ပိုမိုကုန်ကျနေတာအပြင် အထွေထွေကုန်ကျစရိတ်တွေ ကြီးမြင့်နေတာကြောင့်လည်း မွေးမြူရေးလုပ်ငန်းအများစု ရပ်နားလာရပါတယ်။

မွန်ပြည်နယ်မှာတော့ မွေးမြူရေးလုပ်ငန်းအနေနဲ့ ကြက်၊ ဝက်၊ ဘဲနဲ့ ငါး မွေးမြူရေး လုပ်ငန်းတွေကို အဓိကလုပ်ကိုင်ကြပြီး ဆိတ်၊ နွားနဲ့ ငုံးမွေးမြူရေး လုပ်ငန်းတွေကိုတော့ တနိုင်တပိုင် မွေးမြူ လုပ် ကိုင်ကြတာရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.