ဖောက်ခွဲခံရတဲ့ မိုးကောင်းတံတား မြေဖို့ပြီး ဖြတ်သန်းသွားလာခွင့်ပြု

0
45

သထုံ၊ ဖေဖော်ဝါရီ ၂၉

မွန်ပြည်နယ် သထုံမြို့နယ် မိုးကောင်းကျေးရွာမှာ ဖောက်ခွဲဖျက်ဆီးခံရတာကြောင့် ပြိုကျပျက်စီးသွားတဲ့ မိုး ကောင်းတံတားကိုမြေဖို့ပြီး ပြန်လည်ဖြတ်သန်းသွားခွင့်ပြုလိုက်ပြီလို့ ဒေသခံတွေနဲ့ ခရီးသွားတွေရဲ့ ပြောပြ ချက်အရ သိရပါတယ်။

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာရှိတဲ့ မိုးကောင်းတံတားဟာ မနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက် ၁ နာရီအချိန်ခန့်မှာ ဖောက်ခွဲဖျက်ဆီးခံရတာကြောင့် တံတားတစ်စင်းလုံး ပြိုကျပျက်စီးခဲ့တာပါ။

အဲဒီနောက် စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အမိန့်နဲ့ ရွှေသံလွင်ကုမ္ပဏီက ပြိုကျပျက်စီးသွားခဲ့တဲ့ မိုးကောင်းတံတားကို ချက်ချင်းမြေဖို့ပြီး မနေ့ညဦးပိုင်းမှာ ဖြတ်သန်းသွားခွင့်ပေး အပ်ခဲ့တာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ လမ်းတစ်ခြမ်းမြေဖို့ပြီး ဖြတ်သန်းသွားခွင့်ပြုလိုက်တဲ့ မိုးကောင်းတံတားကို ယာယီဘေလီတံတား ထိုးဖို့ပြင်ဆင်နေပြီး စစ်ကောင်စီဘက်ကလည်း လုံခြုံရေးယူထားတယ်လို့ သိရပါတယ်။

မိုးကောင်းတံတား ဖောက်ခွဲခံရတဲ့ ဖြစ်စဉ်အတွင်း နေအိမ် ၂ လုံး၊ ဈေးဆိုင်ခန်း ၂ ခန်း ထိခိုက်ပျက်စီးခဲ့သလို အရပ်သားပြည်သူတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မိုးကောင်းတံတား ဖောက်ခွဲခံရပြီးနောက် မွန်ပြည်နယ်ရဲ့ မြို့နယ်အများစုမှာ စက်သုံးဆီတွေ အလုအယက် ဝယ်ယူမှုတွေကြောင့် ဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မိုးကောင်းတံတားဟာ သထုံနဲ့ဘီးလင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းမှာ တည်ရှိပြီး ကုန်သွယ်ရေး အတွက် အချက်ချာကျတဲ့ တံတားတစ်စင်းလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.