လွိုင်ကော်ဒေသခံတွေရဲ့ ပစ္စည်းတွေကို စစ်တပ်ဖောက်ထွင်းခိုးယူပြီး ရောင်းစားနေ

0
79

လွိုင်ကော် – ဇန်နဝါရီ ၃

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် နေရပ်စွန့်ခွာထွက်ပြေး နေရတဲ့ ပြည်သူတွေရဲ့ ပစ္စည်းတွေကို စစ်ကောင်စီတပ်သားတွေဟာ ဖောက်ထွင်းခိုးယူပြီး ရောင်းစားနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

လွိုင်ကော်ဒေသခံ ၄သောင်းကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေတာကြောင့် စျေးဆိုင်တွေ၊ ဖုန်း အရောင်းဆိုင်တွေအပါအဝင် တန်ဖိုးကြီးပစ္စည်းတွေရှိနိုင်မယ်နေရာတွေကို ဖောက်ထွင်းခိုးယူနေ ကြတာပါ။ 

လက်ရှိမှာတော့ မြို့ပေါ်က ဆိုင်ခန်းတွေနဲ့နေအိမ်တွေဟာ နေ့စဉ်လိုလို ဖောက်ထွင်းခံရတာတွေရှိ နေသလို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရှမ်းပိုင်းရပ်ကွက်က ဖုန်းနဲ့အပိုပစ္စည်းအရောင်းဆိုင်တစ်ဆိုင် ဖောက်ထွင်းခံခဲ့ရတယ်လို့ ဆိုင်ပိုင်ရှင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ 

” အန်တိီဂူးတဲ့ ဒီနေ့တော့ အန်တီဂူးတို့ဆိုင်ရယ် ကြယ်စင်လင်းဆိုင်ရယ် ရှောင်တီတို့ဆိုင်ရယ် ဖောက်သွားတယ်တဲ့ သုံးဘီးတွေနဲ့ သယ်နေတယ်တဲ့။အဲ့လိုပြောတယ်လေ။ အဲကျတော့ သေချာလားလို့ဆိုတော့ သုံးဘီးတွေနဲ့သယ်နေတယ်လို့ပြောတယ်။” လို့သူကပြောခဲ့ပါတယ်။

မြို့တွင်းက ခိုးယူထားတဲ့ ဆိုင်ကယ်တွေကို စစ်ကောင်စီ ဒကစနဲ့ခလရ ၅၄ တပ်ရင်းကို ယူဆောင် ပြီး အဲဒီကတဆင့် သူတို့နဲ့နီးစပ်သူတွေကို ကျပ် ၂ သိန်းလောက်နဲ့ ပြန်လည်ရောင်းချနေတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် သံလွင်တိုင်းမ်အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

လွိုင်ကော်မြို့ပေါ်က ရှမ်းပိုင်းရပ်ကွက်၊မင်းစုရပ်ကွက်၊နောင်ယားရပ်ကွက်၊ ဒေါတမရပ်ကွက်နဲ့ မင်္ဂလာရပ်ကွက်အပါအဝင် တခြားနေရာတွေမှာ ဖောက်ထွင်းခံရမှုတွေဖြစ်ပေါ်နေတာလို့ သိရပြီး စစ်ကောင်စီ ခလရ ၅၄ တပ်ရင်းဟာ ဒေါတမရပ်ကွက်မှာ တည်ရှိနေတယ်လို့ သိရပါတယ်။ 

ကရင်နီပြည်နယ်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူးက မြို့တွင်းမှာကျန်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ နီးစပ်သူတွေပူးပေါင်းပြီး အခုလို ဖောက်ထွင်းမှုတွေလုပ်ဆောင်နေ တာဖြစ်တယ်လို့ ပြောပါတယ်။ 

” သူတို့က ပုံစံ ၂ခုနဲ့လုပ်နေတာရှိတယ်။တစ်ခုက သူတို့ကိုယ်တိုင်ထုတ်တာရှိတယ်။ နောက်တစ်ခု ကတော့သူတို့နဲ့အဆင်ပြေတဲ့လူတွေကို ထုတ်ခွင့်ပေးထားတာပေါ့နော်။ပြီးတော့မှ သူတို့ကရောင်း တာတွေထုခွဲတာတွေလုပ်ကြတယ်ပေါ့နော်။ဒါတွေကအခုမှမဟုတ်ပါဘူး။အရင်ကထဲက ကျွန်တော်တို့တွေ့ကြုံတာတွေ မြင်ရတာတွေရှိတယ်ပေါ့နော်။” လို့သူက ပြောပါတယ်။ 

IEC အနေနဲ့ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့ မြို့စီမံခန့်ခွဲရေး ကော်မတီ ဖွဲ့စည်းထားပြီး သက်ဆိုင်ရာ လုံခြုံရေးအင်အားစုတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေသလို ဒေသခံ တွေရဲ့ ပစ္စည်းတချို့ကိုလည်း ပိုင်ရှင်ရဲ့ လက်မှတ်ထောက်ခံချက်နဲ့ ထုတ်ယူပေးတာတွေရှိတယ် လို့ ဦးဗညားက ပြောပါသေးတယ်။ 

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဟာ ပြည်သူတွေရဲ့ ပစ္စည်းတွေကို ယူဆောင် ခွင့်မရှိသလို အဝင်အထွက်ဂိတ်တွေမှာလည်း ကော်မတီတွေနဲ့ စစ်ဆေးကြပ်မတ်တာတွေရှိတယ် လို့ KNDF ပြန်ကြားရေးဝာာဝန်ခံက ပြောပါတယ်။ 

” စစ်ကောင်စီကသူတို့နဲ့အဆင်ပြေတဲ့သူတွေ ဒါမှမဟုတ် သူတို့ကိုယ်တိုင်အရပ်ဝတ် တွေနဲ့ထုတ် တာမျိုးတွေတော့ရှိတယ်ပေါ့နော်။ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေကတော့ ပစ္စည်းသယ် လို့မရဘူးပေါ့နော်။ကျွန်တော်တို့စစ်ဆေးရေးဂိတ်တွေအားလုံးချထားတယ်။မြို့စီမံခန့်ခွဲရေး ကော်မတီကတော့ဒါတွေကိုကြီးကြပ်လုပ်ဆောင်နေပါတယ်။” လို့သူက ပြောခဲ့ပါတယ်။

KNDF အနေနဲ့ လက်ရှိအချိန်မှာ မြို့သိမ်းတိုက်ပွဲကိုသာ အာရုံစိုက်နေရတဲ့အတွက် ခိုးမှုတွေကို သေချာကိုင်တွယ်နိုင်တာမရှိသေးဘူးလို့ သိရပါတယ်။ 

ဖောက်ထွင်းခိုးယူသူတွေဟာ အရပ်ဝတ်နဲ့ဖြစ်တာကြောင့် ဘယ်အဖွဲ့အစည်းလည်းဆိုတာ မသိရ သေးပေမယ့် စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာတော့ KNDF နဲ့ PDF တွေလုပ်ဆောင်တာဆိုပြီး စွပ်စွဲထားကြတာပါ။

ဒါပေမယ့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဒေသခံအိမ်ကိုဖောက်ထွင်းနေသူတွေကို KNDF က ဖမ်းဆီး ရမိခဲ့ပြီး စစ်ဆေးချိန်မှာတော့ စစ်သားဟောင်း၊စစ်ပြေးနဲ့ လမ်းလုပ်သားတွေပါဝင်နေသလို နိုဝင်ဘာလ ၂၁ ရက်နေ့ကလည်း စစ်ကောင်စီ ခလရ၂၈၇  တပ်ရင်းက တပ်ပြေးတစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ။

သတင်း -သံလွင်တိုင်းမ် 

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.