သူလျှိုဂြိုလ်တုတွေ ဆက်လက်လွှတ်တင်သွားဖို့ရှိတယ်လို့ မြောက်ကိုရီးယား ပြော

0
162

ပြုံယမ်း၊ဒီဇင်ဘာ ၁

အမေရိကန်ရဲ့ သံတမန်ရေးကို ဦးတည်စေဖို့ တောင်းဆိုချက်နဲ့ ကုလသမဂ္ဂတားဆီးချက်တွေကို ချိုးဖောက်ကာ သူလျှိုဂြိုလ်တုတွေ ပိုမိုလွှတ်တင်သွားဖို့ရှိနေတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်ရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာ ကုလဆိုင်ရာ အမေရိကန်သံအမတ်က မြောက်ကိုရီးယားရဲ့ ဂြိုလ်တုတွေဟာ အိမ်နီးချင်းတွေကို ခြိမ်းခြောက်နေတဲ့ ဥပဒေမဲ့ လုပ်ရပ်တွေ ဖြစ်တယ်လို့ဆိုထားတာပါ။

ဒါ့အပြင် ကြိုတင်သတ်မှတ်ချက်တွေမပါဝင်တဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ အမေရိကန်ဘက်က တောင်းဆိုထားပြီး အချိန်နဲ့ ဆွေးနွေးမယ့် အကြောင်းအရာကို မြောက်ကိုရီးယားဘက်ကသာ ပြောဆိုနိုင်တယ်လို့ အသိပေးထားပါတယ်။

ကင်မ်ရဲ့ ညီမဖြစ်သူကတော့ အမေရိကန်ရဲ့ တောင်းဆိုချက်ကို ပယ်ချထားပြီး ဂြိုလ်တုနဲ့ တခြား လက်နက်ပစ်လွှတ်ရေး အစီအစဉ်တွေကို ပိုမိုလုပ်ဆောင်ကာ ခြိမ်းခြောက်မှုတွေဆက်လက်ပြု လုပ်သွားမှာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

“လွတ်လပ်တဲ့နိုင်ငံတစ်ခုရဲ့ အချုပ်အခြာအာဏာဟာ ဆွေးနွေးညှိနှိုင်းဖို့ ထည့်ဝင်ရတဲ့ အစီအစဉ်တစ်ရပ်မဟုတ်ပါဘူး။ ဒါကြောင့် မြောက်ကိုရီးယားဟာ အဲ့ဒီရည်မှန်းချက်အတွက်ဆို အမေရိကန် ပြည်ထောင်စုနဲ့ မျက်နှာချင်းဆိုင်ထိုင်မှာမဟုတ်ပါဘူး”လို့ ကင်မ်ယိုဂျွန်ရဲ့ ပြောဆိုချက်ကို နိုင်ငံပိုင်မီဒီယာမှာ ထုတ်လွှင့်ထားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေမှာ မြောက်ကိုရီးယားရဲ့ ဂြိုလ်တုလွှတ်တင်တာနဲ့ ပဲ့ထိန်းနည်းပညာကိုအသုံးပြုပြီး ဒုံးကျည်ပစ်လွှတ်မှု မလုပ်ဖို့တားမြစ်ထားပြီး မြောက်ကိုရီးယားဘက်က အမေရိကန်ဦးဆောင်တဲ့ စစ်ရေးခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ သူလျှိုဂြိုလ်တုတွေနဲ့ စမ်းသပ်ပျံသန်းတဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ပစ်လွှတ်ဖို့ အချုပ်အခြာအာဏာရှိတယ်လို့ တုံ့ပြန်ထားပါတယ်။

မြောက်ကိုရီးယားဟာ အမေရိကန်-တောင်ကိုရီးယားတို့ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကိုလည်း ကျူးကျော်စစ်ရေးလေ့ကျင့်မှုအဖြစ်ရှုမြင်ကာ သူတို့ရဲ့ လက်နက်စမ်းသပ်မှုတွေနဲ့ ပြန်လည် ခြိမ်းခြောက်လေ့ရှိနေတာဖြစ်ပါတယ်။

သူသျှိုလ်ဂြိုလ်တုတွေဟာ ကင်မ်ဂျုံအမ်က လူသိရှင်ကြားမိတ်ဆက်ထားတဲ့ အဆင့်မြင့် နည်းပညာလက်နက်စနစ်တွေထဲက တခုဖြစ်ပြီး ပြိုင်ဘက်နိုင်ငံတွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့နဲ့ ရန်သူ့ပစ်မှတ်တွေကို တိကျစွာပစ်ခတ်နိုင်ဖို့ဖြစ်တယ်လို့လည်း ပြောထားပါတယ်။

ဒါပေမယ့် ပြင်ပပညာရှင်တွေကတော့ မြောက်ကိုရီးယားဟာ စစ်ရေးအတွက် အမြင့်ဆုံးဓာတ်ပုံ အရည်အသွေးကိုထုတ်ပေးနိုင်တဲ့ ဂြိုလ်တုတွေ လွှတ်တင်နိုင်ဖို့ရှိမရှိ အတည်မပြုကြသေးပါဘူး။

Ref – The Washington Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.