ပေါက်ခေါင်းခရိုင်ချင်းဆက်လမ်းပေါ်က စစ်ကောင်စီ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရ

0
170

ပေါက်ခေါင်း – နိုဝင်ဘာ ၃၀

ပဲခူးတိုင်း၊ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ညောင်ကုန်းကျေးရွာအုပ်စု ညောင်ကုန်းရွာနဲ့ ချင်းလည်ရွာကြား ခရိုင်ချင်းဆက်လမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ပဲခူး PDF က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်းက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီစီးနင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ် လို့ အသိပေးထားပါတယ်။

တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရရှိသူတွေကို ပေါက်ခေါင်းဘက်ကို လူနာတင်ယာဉ်နဲ့ သယ်ဆောင်သွားတယ်လို့ ဆိုထားပြီး သေဆုံးသူရှိမရှိ စုံစမ်းနေတယ်လို့ ဆိုထားပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ဟာ ခရီးသွားပြည်သူတွေအပေါ် ဆဲဆိုကြိမ်းမောင်းတာ၊ငွေညှစ်တောင်းခံ တာ၊ဝယ်ယူလာတဲ့ ကုန်ပစ္စည်းတွေကို လိုအပ်တာထပ်ပိုဝယ်တယ်လို့ဆိုပြီး ခြိမ်းခြောက်တာတွေ အပြင် ပြည်သူတွေကို နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ဒုက္ခပေးနေတဲ့ စစ်ဆေးရေးဂိတ်ဖြစ်နေတဲ့ အတွက် တိုက်ခိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊တပ်ခွဲ ၃ နဲ့ SPDF ပူးပေါင်းအဖွဲ့ကဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်မှုတွေရှိပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်တယ်လို့ အသိပေးထားပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူနဲ့ ပူးပေါင်းပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ အချိန်မီဆက်သွယ်ပြီး အလင်းဝင်ကြဖို့ သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Bago – PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.