နျူလက်နက်တားဆီးရေးစာချုပ်မှာ မြန်မာပါဝင်နိုင်ရေးဟာ စစ်ကောင်စီကြောင့် ပျက်ဆီးခဲ့ရတာလို့ NUGပြော

0
233

နယူးယောက် – နိုဝင်ဘာ ၃၀

မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာနျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ်မှာ အတည်ပြုလက်မှတ်ရေးထိုးပါဝင်မယ့် ကိစ္စဟာ စစ်ကောင်စီအာဏာသိမ်းမှုဖြစ်စဉ်ကြောင့်ပျက်ဆီးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ -NUGကပြောကြားလိုက်ပါတယ်။

နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ်အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဒုတိယအကြိမ်မြောက် အစည်းအဝေး မိန့်ခွန်းပြောကြားမှုအစီအစဉ်မှာ ကုလ သမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ်ကို ၂၀၁၈ ခုနှစ် စက် တင်ဘာလမှာ မြန်မာနိုင်ငံ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ အတည် ပြု လက်မှတ်ရေးထိုးရန် ကနဦးစီစဉ်ခဲ့ပေမယ့် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှာ စစ်တပ်က တရား မဝင်အာဏာသိမ်းခဲ့တဲ့အတွက် အတည်ပြုလက်မှတ်ရေးထိုးရေးအပါအဝင် အရပ်သားအစိုးရရဲ့ ဒီမိုကရေစီ တိုးတက်ရေးလုပ်ငန်းစဉ်အားလုံး ပျက်စီးခဲ့ရတယ်လို့ NUGက ပြောကြားလိုက်တာပါ။

ဦးကျော်မိုးထွန်းက ဒီကနေ့ကမ္ဘာကြီးမှာ ပထဝီဝင်နိုင်ငံရေးတင်းမာမှု၊ ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်မှု၊ နိုင်ငံတကာလုံခြုံရေးဖြစ်စဉ်တွေကြောင့်ဖြစ်ပေါ်နေရတဲ့ စိန်ခေါ်မှုတွေဟာ ပြီးခဲ့တဲ့ နှစ်နှစ်ကျော်အတွင်း နျူကလီးယားနိုင်ငံတွေနဲ့ မိတ်ဖက်တွေအကြား ပဋိပက္ခတွေနဲ့ တင်းမာမှုတွေက ပိုမိုဆိုးရွားလာခဲ့တယ်လို့ အဲဒီအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

နျူကလီးယားလက်နက်တစ်ကြိမ်တစ်ခါအသုံးပြုမိရုံနဲ့ မှန်းဆလို့မရနိုင်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နောက်ဆက်တွဲပြဿနာတွေနဲ့ လက်တုံ့ပြန်နိုင်တဲ့ နျူကလီးယား ထပ်မံအသုံးပြုမှုကို ဖန်တီးစေနိုင်တာကြောင့် နျူကလီးယားစစ်ပွဲဟာ ဘယ်တော့မှ အောင်နိုင်ခြင်းမရှိသလို ဖြစ်ပွားနိုင်စရာလည်း မရှိဘူးလို့လည်း ဦးကျော်မိုးထွန်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် နျူကလီးယားလက်နက်အသုံးပြုမှုနဲ့ အသုံး ပြုနိုင်တဲ့ ခြိမ်းခြောက်မှုအန္တရာယ်တွေကနေ ကာကွယ်ဖို့အတွက် နျူကလီးယားလက်နက်တွေကို ပွင့်လင်းမြင်သာမှုရှိစွာ နောက်ကြောင်းပြန်မလှည့်နိုင်၊ ပြန်လည်ထုတ်နိုင်စွမ်းမရှိသည့် အပြီးတိုင် လုံးဝဖျက်သိမ်းခြင်းမှလွဲပြီး အခြားနည်းလမ်းမရှိကြောင်း၊ အဲဒီကနေမှတစ်ဆင့် နျူကလီးယားကင်းစင်တဲ့ ကမ္ဘာကြီးဆီကို သွားနိုင်မယ်လို့လည်း ဆိုခဲ့ပါတယ်။

နိုင်ငံတကာစုပေါင်းကတိကဝတ်ရနိုင်မယ့် နျူကလီး ယားလက်နက် တားဆီးပိတ်ပင်ရေးစာချုပ် (TPNW) ကို ကမ္ဘာ့နိုင်ငံအားလုံးက ပါဝင်နိုင်ရေး၊နျူကို ယခုအခါ နိုင်ငံတကာဥပဒေနဲ့အတိအလင်း ကျယ်ကျယ် ပြန့်ပြန့်တားမြစ်ထားကာ နျူလက်နက်တားဆီး ပိတ်ပင်ရေးစာချုပ် အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပထမအကြိမ်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး Vienna Action Plan ချမှတ်နိုင်ခဲ့ခြင်းအပေါ် မြန်မာနိုင်ငံအ နေနဲ့ ကြိုဆိုတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။

နျူကလီးယားလက်နက်ကြောင့် လူနဲ့လူ့ပတ်ဝန်းကျင်ကို ထိခိုက်စေမယ့် အန္တရာယ် တားဆီးကာကွယ်ဖို့အတွက် နျူကင်းစင်တဲ့ ကမ္ဘာကြီးတည်ဆောက်ရေးကို ကမ္ဘာလုံးအတိုင်းအတာနဲ့ ပူးပေါင်း ဆောင်ရွက်ရေး အတွက် TPNW စာချုပ်ကို ပါဝင်လက်မှတ်ရေး ထိုးခြင်းမရှိသေးတဲ့ နိုင်ငံတွေအနေနဲ့ ပါဝင်လက်မှတ်ရေးထိုးဖို့ မြန်မာနိုင်ငံအနေနဲ့ တိုက်တွန်းတယ်လို့ ဦးကျော်မိုးထွန်းက ဆိုခဲ့ပါတယ်။

TPNW စာချုပ်ကို အတည်ပြုလက်မှတ်ရေးထိုးနိုင်ဖို့ ပြည်သူ့ဆန္ဒကို လေးစားတဲ့ နိုင်ငံရေးအခင်းအကျင်းတစ်ခုရှိဖို့နဲ့ ဒီမိုကရေစီပြန်လည်အသက်ဝင်ဖို့ အဓိကလိုအပ်တာကြောင့် မြန်မာပြည်သူတွေလိုလားနေတဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဒီမိုကရေစီပြန်လည်ရရှိကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးတွင် နိုင်ငံတကာအသိုင်းအဝိုင်းမှ ပံ့ပိုးကူညီပေးဖို့ကိုလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ကအဲဒီအစည်းဝေးမှာတိုက်တွန်းခဲ့ပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ်အဖွဲ့ရုံး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.