ကရုဏာမီးအိမ် Mobile Medical Team တည်ထောင်သူ မဝေနဲ့ ဆက်သွယ်မေးမြန်းချက်

0
4938

“ကျွန်မဆိုလိုချင်တာ စကစကတော့ စစ်ရှောင်လည်းမသိဘူး။ စစ်ဘေးသင့်လည်း မသိဘူး။ သူတို့လုပ်ချင် တယ်ဆိုရင် အရှင်လတ်လတ်တောင် မီးရှို့သေးတာပဲရှင့်။ အခုပြည်သူတွေ ဘယ်လောက်ခံစားနေရလဲ ကျွန်မတို့ မြေပြင်မှာရှိနေတဲ့ အခြေအနေတစ်ခုမှာ ကျွန်မမပြောပြတတ်အောင်ပဲ”

အရင်ဆုံးအနေနဲ့ ကရုဏာမီးအိမ် Mobile Medical Team ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး။

စကစအာဏာသိမ်းပြီး နှစ်လအကြာမှာ ဖောင်ဒေးရှင်းကိုစတင်ဖွဲ့စည်းခဲ့ပါတယ်။ စတင်ဖွဲ့စည်းတည်းက အဖွဲ့ ကို စနစ်တကျပြင်ဆင်ခဲ့ပါတယ်။ ဖောင်ဒေးရှင်းမှာ ကုသရေးအဖွဲ့၊  ကာကွယ်ရေးအဖွဲ့၊ စာရင်းစစ်အဖွဲ့၊ သ တင်းနဲ့ ပြန်ကြားရေးအဖွဲ့စတာတွေနဲ့ စနစ်တကျဖွဲ့စည်းခဲ့ပါတယ်။ ပါဝင်ခဲ့တဲ့လူတွေ အားလုံးရဲ့နာမည်တွေ ကိုလည်း မှတ်တမ်းမတင်ပဲ ကုတ်တွေနဲ့ ဆက်သွယ်အလုပ်လုပ်ပါတယ်။ စကစရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေကြောင့် ဆန္ဒပြပြည်သူတွေ ၈၈တုန်းကလိုပဲ နီးစပ်ရာ EAOတွေဆီ ခိုလှုံလာနိုင်မယ်ဆိုတာ ကြိုတင်ခန့်မှန်း မိပါတယ်။

၈၈ကျောင်းသားဟောင်းအစ်ကိုတယောက်ရဲ့ အကူအညီနဲ့ EAOခေါင်းဆောင်တချို့နဲ့ ညှိနှိုင်းမှုတွေ လုပ်ခဲ့ပါ တယ်။ ဆန္ဒပြပြည်သူတွေ EAO တွေဆီခိုလှုံလာခဲ့လို့ရှိရင် ကျွန်မတို့အဖွဲ့အနေနဲ့ ဘယ်လိုကူညီဆောင်ရွက် ပေးမယ်ဆိုတာကအစ ကြိုတင်စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ တောထဲရောက်လာရင် ကလေးတွေ ဆင်းရဲဒုက္ခ ရောက်မှာကို ကြိုပြီးတွေးပူမိခဲ့ပါတယ်။ အဲဒီအချိန်တည်းက ကျွန်မကိုယ်တိုင်ဆေးတွေ ဝယ်တယ်။ အဖွဲ့အ စည်းတွေ မိတ်ဆွေတွေဆီက ဆေးတွေအလှူခံတာလည်းခံပြီး ကျွန်မတစ်ယောက်တည်း ကားငှားပြီးတော့ ဆေးတွေကို စတင် Support လုပ်ပါတယ်။ ကျွန်မအဖွဲ့ထဲက CDM ဆရာတွေကိုလည်း တောထဲမှာ နေရာ ချထားခဲ့ပြီး ကျန်တဲ့မန်ဘာတွေနဲ့ ဆေးတွေကိုလည်း စနစ်တကျနေရာချတယ်။ ကလေးတွေကို စတင်ပြီး ကုသ မှုတွေပေးပါတယ်။ ဆေးလိုအပ်တဲ့နေရာတွေကိုလည်း Support လုပ်ပေးပါတယ်။ တိုက်ပွဲတွေကြားထဲမှာ ကျွန်မတို့အဖွဲ့တွေ ဒုက္ခမျိုးစုံနဲ့ စတင်ပြီးတော့ မရှိမဖြစ်လုပ်ငန်းစဉ်တွေကို စတင်အကောင်အထည်ဖော် ဆောင် ရွက်ခဲ့ပါတယ်။ အဲဒီအချိန် PDF ဆိုတာမဖြစ်လာသေးပါဘူး။ အခု Mobile Medical Team အနေနဲ့ရော ဒေသခ ပြည်သူတွေရော လိုအပ်တဲ့နေရာ ရှေ့တန်းရဲဘော်တွေဆီအရောက် ကုသမှုပေးနိုင်ပြီ ဖြစ်ပါတယ်ရှင့်။

ကရုဏာမီးအိမ် Mobile Medical Teamကို ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားတာလဲ။ ဘယ်လို အခက်အခဲတွေကို အဓိက ရင်ဆိုင်နေရလဲ။

ကျွန်မတို့ Team ရဲ့အဓိကရည်ရွယ်ချက်က PDF အချင်းချင်းပူးပေါင်းဆောင်ရွက်နိုင်ဖို့ PDF နဲ့ EAO ကြား ယုံ ကြည်မှုတည်ဆောက်နိုင်ဖို့နဲ့ ဒေသခံပြည်သူတွေနဲ့ ချစ်ကြည်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံနိုင်ဖို့ စတာတွေ ပါပါတယ်။ အခုတော့ ကျွန်မတို့လုပ်ဆောင်နိုင်တာတွေဆိုရင် တပ်ရင်းဆေးခန်းကြီးတစ်ခန်း တည်ဆောက် နိုင်ပြီးတော့ ဒေသခံတွေကျေးရွာတွေမှာ အထိုင်ဆေးခန်းနှစ်ခန်း ရှေ့တန်းရဲဘော်တွေနဲ့စစ်ရှောင်ပြည်သူ တွေအတွက် Mobile Medical Team အနေနဲ့ ကူညီလုပ်ကိုင်ဆောင်ရွက်ပေးနေတာတွေ ရှိပါတယ်။

အဲဒီလိုလုပ်ကိုင်ဆောင်ရွက်တဲ့အခါ ကျွန်မတို့အဖွဲ့အနေနဲ့ များစွာအခက်အခဲတွေ ရှိပါတယ်။ ကျွန်မတို့အဖွဲ့ ပေ့ချ်ထောင်ထားတာ မကြာသေးပါဘူး။ နှစ်နှစ်နီးပါးရောက်၊ ကျွန်မတို့အဖွဲ့က အလှူခံတာတွေ လုပ်လို့မရခဲ့ ပါဘူး။ ဘာလို့လဲဆို ကျွန်မတို့က လုံခြုံရေးအရ Low Profile နဲ့နေရတာပါ။ နံပတ်(၁)အခက်အခဲက အလှူခံ လို့ မရတဲ့အခက်အခဲပါပဲ။ ဒုတိယအခက်အခဲက Mobile Medical Teamနဲ့ သွားလာပြီး ကုသမှုပေးနိုင်ဖို့ လူနာ သယ်ဖို့ အပြောင်းအရွေ့လုပ်ဖို့ လူနာတွေကို အပြောင်းအရွေ့လုပ်တဲ့အခါမှာပဲဖြစ်ဖြစ် ကျွန်မတို့ Team အနေနဲ့သွားဖို့လာဖို့အတွက် အဲဒီလိုသွားဖို့လာဖို့အတွက် 4 Wheelကားတစီးကောင်း ကောင်းလိုပါတယ်ရှင့်။ ဘာလို့လဲဆို ကျွန်မတို့နေတဲ့နေရာက တောလမ်းခရီးဖြစ်တဲ့အတွက်ကြောင့် လမ်းခရီးကြမ်းတယ်။ အခက်အခဲ တွေ အများကြီးရှိတယ်။ လူနာတွေ သက်တောင့်သက်သာရှိဖို့အတွက် ကားလေးတစ်စီးတော့ လိုအပ်ပါတယ်။

တိုက်ပွဲဖြစ်ရင် Mobile Medical Teamတွေရော ကားရော သတ်မှတ်တဲ့နေရာမှာ အဆင့်သင့်ရှိရပါမယ်။ ဒါမှ ကလေးတွေ အသက်အန္တရာယ်ကို စိတ်ချရမှာပါ။ လူနာထိပြီဆိုတော့မှ ကားလိုက်ခေါ်လို့ မရနိုင်ဘူး။ တိုက်ပွဲ ကာလဖြစ်တဲ့အတွက် တပ်ဖွဲ့ဝင်ကားတွေလည်း သူ့နေရာနဲ့သူ အဆင်သင့်နေရာယူထားရပါတယ်။ တပ်ဖွဲ့ကား ကိုလည်း လူနာထိသွားမှ ပြေးခေါ်ဟဲ့ ကားကိုယူပါဟဲ့ပုံစံနဲ့ ကျွန်မတို့ သွားလာလို့ အဆင်မပြေပါဘူး။ကျွန်မတို့ သတ်မှတ်ထားတဲ့နေရာမှာ Team ရောကားရော အဆင်သင့်စောင့်ပြီးတော့ လူနာအတွက် အဆင်သင့်ရှိ နေမှသာလျှင် ကျွန်မတို့ ကလေးတွေအတွက် အသက်အန္တရာယ်ကို ကယ်တင်နိုင်မှာ ဖြစ်တယ်။ မြေပြင်မှာ ကျွန်မတို့  မြင်နေရတာတော့ ပေါင်ထိတဲ့ကလေးဆိုလည်း သွေးလွန်ပြီး ဆုံးသွားတာ မြင်နေကြားနေရတယ်။ ဒါမဖြစ်သင့်ပဲ ဖြစ်သွားတယ်။ ဘာကြောင့် သွေးထွက်လွန်တာလဲဆို ကျွန်မတို့ အချိန်မီကုသမှု မပေးနိုင်ဘူး။ အချိန်မီ ရှေးဦးသူနာပြုလည်း မလုပ်နိုင်ဘူး။ အဲဒီလိုအခြေအနေမျိုးတွေ ကြုံကြိုက်တဲ့အတွက်ကြောင့် ဆေးနဲ့ ပတ်သက်ပြီး အဆင်သင့်ဖြစ်မနေခဲ့တဲ့အတွက်ကြောင့် ကျွန်မတို့ကလေးတွေ ဆုံးရှုံးနစ်နာမှုတွေ များတယ်။ အဲဒီတော့ ကျွန်မတို့အနေနဲ့ ဘယ်လို Covering လုပ်ရမယ်ဆိုတဲ့ကိစ္စကို အခုချိန်မှာ စဉ်းစားဖို့လိုလာပါပြီ။ အဲဒါကြောင့်မို့ မေတ္တာရပ်ခံချင်တာကတော့ ကျွန်မတို့ကို ကားလေးတစ်စီးလှူပေးမယ့်သူရှိရင် လှူပေးကြပါဦး။ ဒါပေမယ့် ကျွန်မတို့အဖွဲ့ကို ငွေပေးစရာမလိုပါဘူး။ ကားလေးဝယ်ပို့ပေးရင်တောင် အတော်ကျေးဇူးတင်မိ မှာပါလို့။ အခုတတိယအနေနဲ့ လိုအပ်ချက်အနေနဲ့ပြောရမယ်ဆိုရင် အခုလောလောဆယ် တပ်ရင်းဆေး ခန်းအတွက် လိုတာတွေက အောက်စီဂျင်အိုးတို့၊ လူနာတင်တဲ့စင်တို့၊ ဆိုလာတို့ စတာတွေ လိုပါတယ်။

ဘာလို့ဆိုတော့ တောတွင်းလူနာထားဖို့အတွက် ဆေးခန်းဆိုပေမယ့် ဆေးရုံနီးပါးလောက်လုပ်ထားတဲ့နေ ရာမျိုးမှာ ကျွန်မတို့ မီးစက်ကြီးမောင်းပြီး မီးထွန်းပြီး ကုသမှုပေးရတဲ့ အခက်အခဲရှိပါတယ်။ ဆိုလာနဲ့ဆိုတော့ အသံလည်းမကြားရဘူး။ တိတ်ဆိတ်တယ်။ အဆင်ပြေတယ်။ အောက်စီဂျင်အိုးလည်း အဆင်သင့်ရှိဖို့ လို တယ်။ လူနာတင်စင်လည်း အဆင်သင့်ရှိဖို့ လိုတယ်။ လူနာတင်ဖို့ ကားလည်း အဆင်သင့်ရှိဖို့ လိုတယ်။ ကျွန် မတို့ ဆေးအဖွဲ့ဖြစ်တဲ့အတွက်ကြောင့် ဟိုတပ်ရင်းကကုတယ်။ ဒီတပ်ရင်းက ကုတယ်မဟုတ်ပါဘူး။ ကျွန်မတို့ က ပြည်သူတွေကိုလည်း ကုပေးရမယ်။ ကျွန်မတို့ ဘယ်တပ်ရင်း ဘယ်တပ်ဖွဲ့မဆို ဆေးအဖွဲ့ဖြစ်တဲ့အတွက် ကြောင့် ဘယ်သူ့မဆို PDF ပဲဖြစ်ဖြစ် EAO ပဲဖြစ်ဖြစ်ဘယ်သူ့မဆို ကုသမှုပေးနိုင်ဖို့အတွက် ကျွန်မတို့မှာ အခု ချိန်မှာ ဆေးအဖွဲ့တွေနဲ့ အဆင်သင့်လုပ်ဆောင်ဖို့ လိုအပ်နေတဲ့အတွက်ကြောင့် လိုအပ်နေတဲ့ ပစ္စည်းလေး တွေကို ပါဝင်လှူဒါန်းပေးနိုင်ကြဖို့ ကျွန်မက ဆန္ဒပြုပါတယ်။ ပါဝင်လှူဒါန်းပေးကြဖို့ ကျွန်မက တိုက်တွန်းပါတယ်။

ဆေးဝါးသယ်ယူမှုကို စစ်ကောင်စီဘက်က တင်းကျပ်ထားတယ်ဆိုတော့ မြေပြင်မှာ ဆေးဝါးသယ်ယူရာ ဘယ်လို အခက်အခဲတွေ ကြုံနေရပါသလဲ။

ဆေးသယ်ယူရာမှာ များစွာအခက်အခဲရှိပါတယ်ရှင့်။ ဆေးဝယ်ယူရာမှာ များစွာအခက်အခဲရှိပါတယ်ရှင့်။ ကျွန်မ တို့ ပိုက်ဆံရှိတိုင်း ဆေးဝယ်လို့မရနိုင်ပါဘူး။ တချို့ကုမ္ပဏီဆိုရင် တစ်ခါနှစ်ခါဝယ်ပြီးရင် မရောင်းပေးချင်ကြ ဘူး။တချို့ဆေးဆိုင်ကြီးတွေဆိုရင် ကျွန်မတို့ကို မရောင်းပေးချင်ကြဘူး၊ ရောင်းပေးပြန်ရင်လည်း ကျွန်မတို့ ဒီဆေးတွေကို သယ်တဲ့အခါမှာ လမ်းမှာအစစ်ဆေးတွေကို အများကြီးဖြတ်ကျော်ရပါတယ်။ တစ်ခါတလေကျရင် အစစ်ဆေးတွေနဲ့တွေ့လို သူတို့ပိတ်ဖမ်းနေတာနဲ့ ကြုံရင် ကျွန်မတို့ ဆေးတွေကို လက်လွှတ်ဆုံးရှုံးလိုက်ရ တာတွေ ရှိပါတယ်။

တကယ်တမ်းရောက်ပါပြီဆိုရင်တောင် ကျွန်မတို့သယ်တဲ့နေရာမှာလည် ထပ်ပြီးတော့ ကျွန်မတို့ရှိတဲ့နေရာကို ရောက်ဖို့ အခက်အခဲတွေ ရှိပါတယ်။ ဒေသခံရွာသားတွေနဲ့ ပြည်သူတွေက ဒါဆေးဆိုတာနဲ့ မသယ်ရဲဘူး ကြောက်ပါတယ်။ တချို့နေရာတွေမှာဆို ကျွန်မကိုယ်တိုင် ကျွန်မအမျိုးသားနဲ့ကားမောင်းပြီး ကျွန်မအိမ်စီးကား နဲ့ သွားတယ်။ GBF ဂိတ်တွေဖြတ်တယ်။ အဲဒီစ္စည်းတွေကို ကိုယ့်ဘာသာကားနဲ့သယ်ပြီး အရဲစွန့်ပြီးတော့ အ သက်အန္တရာယ်ကြားထဲကနေ သယ်ခဲ့ရတာလည်း အကြိမ်ကြိမ်အခါခါပါပဲ။ အဲဒီလိုနည်းနဲ့ပဲ ရပ်တည်ခဲ့ရတာ။ အခုနောက်ပိုင်း ဟိုဘက်ကမ်းနေပြီးတော့ သယ်ခဲ့တဲ့အခါလည်း ကိုယ့်ဘာသာဆေးပုံးတွေထမ်းပြီးရင် ဒီဘက် ရောက်အောင် ကြိုးစားခဲ့ရတာပါပဲ။ အဲဒီအခါဘာတွေ့ရလဲဆို ဟိုဘက်ကမ်းမှာဆေးဝယ်ရတာ ဈေးကြီးပါ တယ်ရှင့်။ သယ်ယူပို့ဆောင်ရေးစရိတ်လည်း ဈေးကြီးပါတယ်ရှင့်။ ဆေးကုသဖို့အပိုင်းမှာ ဆေးရဖို့ကို မနည်း ကြိုး စားအားထုတ် ရပါတယ်ရှင့်။ အသက်နဲ့ရင်းပြီးကြိုးစားလုပ်ဆောင်ရတဲ့အရာတွေ ရှိပါတယ်။ ဆိုလိုတာက ဆေးဝါးက လွယ်လွယ်ကူကူနဲ့ ရတာမဟုတ်ဘူးလို့ ပြောချင်တာပါ။ ဆေးအလွယ်တကူနဲ့ ကုနေရတယ်လို့မ ထင်ပါနဲ့။ ကိုယ့်ဘာသာကိုယ်ပဲ ကြိုးစားရတာပါ။ ဘယ်သူကမှ ရော့အင့်ဆိုပြီး အရောက်လာပို့တာ မရှိပါဘူး။ အသက်နဲ့ရင်းပြီးတော့ ကျွန်မက အဖွဲ့တည်ထောင်သူ ဖြစ်တဲ့အတွက်ကြောင့် ကျွန်မကိုယ်တိုင်ပဲ  စွန့်စွန့် စားစားလုပ်ရတာပါ။ အခုမှ တချို့အရာတွေမှာ ကျွန်မကိုကူညီတဲ့ အရာတချို့ကြောင့် တချို့အရာတွေ အတော် လေးအဆင်ပြေလာပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

လက်ရှိစစ်ဘေးရှောင်တွေမှာ အဖြစ်များနေတဲ့ ရောဂါတွေက ဘာရောဂါတွေ ဖြစ်နေလဲ။သူတို့အတွက်ရော ဘယ်လို အကူအညီတွေ လိုအပ်နေလဲ။

စစ်ဘေးရှောင်တွေနဲ့ ရဲဘော်တွေအဖြစ်များတဲ့ရောဂါတွေကတော့ သွေးတိုးတို့၊ ဆီးချိုတို့၊ အားနည်းတာ ငှက် ဖျားရောဂါ၊ နှာစီး၊ ချောင်းဆိုး ဒီဟာတွေကတော့ အဖြစ်များဆုံး ဖြစ်ကြပါတယ်။ မိုးတွင်းရောက်ခါနီးရင် ဝမ်း ပျက်ဝမ်းလျောတွေ အဖြစ်များပါတယ်ရှင့်။

နောက်ပြီး ဒေသတွင်း စစ်ကောင်စီရဲ့စစ်ကြောင်းထိုးနေတဲ့ အခြေအနေ၊ လူ့အခွင့်အရေးချိုး ဖောက်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှု အခြေအနေတွေ ဘယ်လိုတွေ ရှိနေပါသလဲ။

လက်ရှိအချိန်မှာတော့ ကော့ဂရိတ် ၊ ကော့နွှဲ့၊ ရွာသစ် အဲဒီရွာတွေဘက်မှာတော့ စစ်ကြောင်းခဏခဏ ထိုး တတ်ပါတယ်။ လက်နက်ကြီးနဲ့လည်း မကြာခဏ လှမ်းပစ်တတ်ပါတယ်။ လေယာဉ်နဲ့လည်း မကြာခဏ လာ တတ်ပါတယ်။ ကင်းထောက်လည်း လာပါတယ်။ ဗုံးလည်း မကြာခဏလာကြဲတတ်ပါတယ်။ လက်နက်ကြီးနဲ့ လေယာဉ်တွေပစ်တဲ့ဒဏ်တွေကြောင့် ဒေသခံတွေ အိုးအိမ်တွေ ကျွဲနွားတွေ အများအပြားဆုံးရှုံးရပါတယ်။ ရှေ့လတုန်းက ကျွန်မတို့ သွားကြည့်ပေးရတဲ့ စစ်ရှောင်စခန်းတစ်ခုဆိုရင် လေယာဉ်နဲ့ဗုံးကြဲတဲ့ အတွက်ကြောင့် မို့လို့ ကျွန်မတို့ထဲက လူနာသုံးယောက် ထိခိုက်မှုဖြစ်ပွားခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ ကင်းထောက်လေ ယာဉ်တွေ နေ့စဉ်လိုလာနေတယ်။ လက်နက်ကြီးနဲ့ ရမ်းပစ်တာတွေ နေ့စဉ်ရှိတယ်။ ကျွန်မဆိုလိုချင်တာ စကစ ကတော့ စစ်ရှောင်လည်းမသိဘူး။ စစ်ဘေးသင့်လည်း မသိဘူး။သူတို့ပစ်ချင်တဲ့ သူတို့လုပ်ချင်တယ်ဆိုရင် အရှင်လတ်လတ်တောင် မီးရှို့သေးတာပဲရှင့်။ အခုပြည်သူတွေ ဘယ်လောက်ခံစားနေရလဲ ကျွန်မတို့ မြေပြင် မှာရှိနေတဲ့ အခြေအနေတစ်ခုမှာ ကျွန်မမပြောပြတတ်အောင်ပဲ။ ကျွန်မတို့ Medical Team ဆိုရင် ကျွဲထိလည်း ဆရာမလာပေးပါဦးပေါ့နော်။ လူထုကလည်း ကျွန်မတို့ကို အားကိုးတကြီးလာခေါ်တယ်။ ကျွန်မတို့ဘက်မှာ ပြည်သူရှိနေသမျှ ကာလပတ်လုံး ပြည်သူလိုအပ်နေသမျှ ကာလပတ်လုံး ကျွန်မမမောနိုင်မပန်းနိုင် သွားပေးနေ ဦးမှာပါပဲ။ အရင်က ကျွန်မတို့မှာ ရှိတဲ့ ကျွန်မကားလေးကအိမ်စီးကားလေးဖြစ်တဲ့အတွက်ကြောင့် ကျွန်မတို့မှာ မိုးတွင်းမှာ ဘယ်လိုမှမောင်းလို့ မရနိုင်ပါဘူးရှင့်။ အဲဒီအခြေအနေမှာ ကျွန်မတို့မှာ ဆေးပုံးထမ်း၊ဆေးအိတ်ထမ်း တစ်ရွာဝင်၊ တစ်ရွာထွက် ကျင်လည်ပြီး လမ်းလျှောက်ပြီး သွားခဲ့ရပါတယ်။ ပြည်သူက လိုအပ်တယ်ဆို ကျွန်မ တို့က သွားဖို့အဆင်သင့်ပဲ။ တော်လှန်ရေးမှာ အများကြီးပေးဆပ်ထားခဲ့ရပါတယ်ရှင့်။

ကရုဏာမီးအိမ်Mobile Medical Teamအနေနဲ့ ရှေ့ဆက်ဘာတွေ လုပ်ဆောင်သွားဖို့ ရှိနေလဲ။

ကျွန်မတို့အဖွဲ့က နောက်ထပ်လှုပ်ရှားမှုတွေ အများကြီးလုပ်ဖို့ ရှိပါတယ်အခု လောလောဆယ်တော့ ကျွန်မတို့ အဖွဲ့ဆောင်ပုဒ်အတိုင်း ကုသရင်းထောက်ပို့လုပ်မယ်ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ဆေးလိုအပ်တဲ့ တပ်ရင်း၊ တပ်ဖွဲ့ တွေကိုလည်း ဆေးလှူပေးပါတယ်။ တစ်ခါတလေ ရှေ့တန်းရောက်ရဲဘော်တွေအတွက် စားချင်တာတွေ ချက် ပြုတ်လှူဒါန်းပေးဖြစ်ပါတယ်။ တချို့အလှူရှင်တွေကတော့ ဆရာမရေ ဒီကလေးတွေအတွက် စားချင်တာလေး ချက်ပေးပါဆိုပြီး လှူပေးကြတာ ရှိပါတယ်။ ကျွန်မတို့ အဖွဲ့ကတော့ လုပ်အားဒါနအနေနဲ့ ကူညီပေးပါတယ်ရှင့်။ တခါတလေရှေ့တန်းက ရဲဘော်တွေက ဒံပေါက်လေးစားချင်တယ်ဆိုရင် ပေ့ချ်ကနေ တဆင့် တပွဲဘယ် လောက်စသဖြင့် အလှူခံပေးပြီး ချက်ကျွေးဖြစ်ပါတယ်ရှင့်။ တခါချက်ရင် ပွဲ၃၀၀ကျော်လောက် အနည်းဆုံး ချက်ပြုတ်ကျွေးရပါတယ်ရှင့်။

နောက်ထပ်လုပ်မယ့် ပရောဂျက်တစ်ခုက စာကြည့်တိုက်လေးပေါ့လေ။ ဆေးရုံမှာလည်း တစ်ခုထားမယ်။ နောက်ထပ် မိုဘိုင်းစာကြည့်တိုက်လည်း တစ်ခုလုပ်ဖို့ အစီအစဉ်ရှိတယ်။ ဆေးရုံလာတက်တဲ့ ရဲဘော်လေးတွေ ဖတ်နိုင်ဖို့ရယ် ရှေ့တန်းရောက်နေတဲ့ ရဲဘော်လေးတွေ ဖတ်နိုင်ဖို့အတွက် တပ်ရင်းက ရဲဘော်တွေ စာဖတ်စေ ချင်တာရယ် ပါပါတယ်။ ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကိုလည်း စာအုပ်ကလေးတွေ ပေးပြီး တော့ ဖတ်စေချင်ပါတယ်။ ကလေးတွေကိုလည်း စာဖတ်ပြစေချင်ပါတယ်။ ဒါမှလည်း ကျွန်မတို့ပြည်သူတွေ စာဖတ်အားကောင်းလာမှာ။ ကလေးတွေကစာလည်း မသင့်ရဘူး။ တောထဲမှာ ပြေးပုန်းနေရတော့ ကျွန်မတို့ စာအုပ်လေးတွေ ဖတ်ပေးခြင်းဖြင့် ကျွန်မတို့နဲ့ကလေးတွေကြားမှာ ရင်းနှီးမှုတည်ဆောက်နိုင်မယ်။

ဒေသခံပြည်သူနဲ့ကြား ကျွန်မတို့နဲ့ ရင်းနှီးမှုတည်ဆောက်နိုင်မယ်။ ကလေးတွေနဲ့ဒေသခံပြည်သူတွေကို တစ် ဖက်တစ်လမ်းက ကူညီရာရောက်မယ်လို့ ကျွန်မတို့အဖွဲ့က မျှော်လင့်မိပါတယ်။ အဲဒီပရောဂျက်လေး တစ်ခု လည်း ဆက်ပြီးလုပ်ဆောင်ဖို့ ရှိပါတယ်ရှင့်။ လိုအပ်တဲ့ စာအုပ်အဟောင်းလေးတွေပဲဖြစ်ဖြစ်၊ ကလေးစာအုပ် လေးတွေပဲဖြစ်ဖြစ် ကိုယ့်အိမ်မှာ ပိုနေတဲ့စာအုပ်လေးတွေပဲဖြစ်ဖြစ် ပေ့ချ်မက်ဆင်ဂျာကနေ လာရောက်လှူဒါန်း ပေးပို့နိင်ပါတယ်ရှင့်။

နောက်ဆုံးအနေနဲ့ ဒေသတွင်းတပ်ရင်းဆေးတပ်ဖွဲ့တွေကို NUG ရဲ့ ကူညီဆောင်ရွက်မှု၊ ထောက်ပံပေးနေမှု အခြေအနေတွေကရော ဘယ်လို ရှိပါသလဲ။ NUG ကိုရော ဘာတွေတောင်းဆိုချင်ပါသလဲ။

တပ်ရင်းဆေးအဖွဲ့တွေအနေနဲ့ NUG ရဲ့အကူအညီကို မရသလောက်ပါပဲ။ ကျွန်မကတော့ ဒီအတွက် ကိုယ့်အ စိုးရကိုလည်းအပြစ်မဖို့ချင်ပါဘူး။ အပြစ်လည်း မပြောချင်ပါဘူး။ သူတို့လည်း တတ်နိုင်သလောက် ကြိုးစားနေ တဲ့အတွက်ကြောင့် ဒီအချိန်ဆို ကျွန်မပိုတောင် မပြောချင်သေးတယ်။ ကျွန်မအစိုးရဖြစ်တဲ့  NUGကို ပြည်သူ တစ်ယောက်အနေနဲ့ အကြံလေးတော့ ပေးပါရစေရှင်။ NUGအနေနဲ့ ဘာတွေ သိဖို့လိုအပ်လဲဆိုရင် တပ်ရင်း တစ်ခုမှာ ဆေးခန်းဘယ်နှစ်ခုလောက်ရှိလဲ ဆေးရုံလေးတွေရောရှိလား။ Mobile Medical Teamက ဘယ်သူ တွေလုပ်နေလဲဆိုတာလောက်တော့ သိအောင်လုပ်သင့်ပါတယ်။ အဲဒီလိုမျိုးသိပြီဆိုရင်တော့ တောင်ပိုင်းတိုင်း အတွက်တော့  NUG ရဲ့ခန့်ထားတဲ့ ဆေးတာဝန်ခံက ဘယ်သူဘယ်ဝါပါဆိုပြီးတော့ ရုံးစာနဲ့တကွ  တပ်ရင်းအ သီးသီးကို အသိပေးရင်တော့ ပိုကောင်းပါတယ်။ အဲဒီလိုအသိပေးရင် ကျွန်မတို့တပ်ရင်းတွေက ဆေးတာဝန်ခံ ကို ရုံးကနေ တဆင့်ပြောပါမယ်။ ဒါကတော့ NUGရဲ့ တောင်ပိုင်းတိုင်းဆေးတာဝန်ခံက ဘယ်သူပါဆိုရင် ကျွန်မ တို့အနေနဲ့ လိုအပ်တဲ့တင်ပြချက်တွေ ဆေးနဲ့ပတ်သက်တာပဲဖြစ်ဖြစ်၊ လိုအပ်တဲ့အခက်အခဲပဲဖြစ်ဖြစ် အကူအ ညီပဲဖြစ်ဖြစ်၊ ဒါတွေကို ကျွန်မတို့ကနေပြီး တောင်ပိုင်းတိုင်းဆေးတာဝန်ခံကို တင်ပြလိုက်တာနဲ့ တင် အဆင် ပြေသွားနိုင်တယ်။ ဆေးတာဝန်ခံဆိုတော့ ကျွန်မတို့ဆီမှာ ဘာတွေလိုအပ်လဲဆိုတာ ကျွန်မတို့ထက် သူတို့ပို သိပါတယ်။ အဲဒီလိုရုံးစာလေးနဲ့ သေချာလေးလုပ်ပေးစေချင်ပါတယ်။ အဲဒီလိုစနစ်တကျသွားမှပဲ အဆင်ပြေ မယ်။ ဟိုလူနဲ့ဆက်သွယ်လိုက်ပါ၊ ပါးစပ်ပြောလေးနဲ့ ဒီလူနဲ့ ဆက်သွယ်လိုက်ပါဆိုရင် ဒါကအဆင်မပြေဘူး။

ကျွန်မတို့မှာ ရုံးအဖွဲ့တွေ စနစ်တကျရှိပြီဖြစ်တဲ့အတွက် ရုံးအဖွဲ့တွေရဲ့လုပ်ထုံးလုပ်နည်းအတိုင်းပဲ စနစ်တ ကျသွားတာက ပိုပြီးအဆင်ပြေပါတယ်။ တပ်ရင်းဆေးတာဝန်ခံတွေက တင်ပြလာတာတွေကို တကယ်ဟုတ် မဟုတ်ဆိုတာမျိုးကို လိုက်လံစစ်ဆေးမှုတွေ လုပ်သင့်ပါတယ်လို့ အကြံပေးချင်ပါတယ်။ ကျွန်မတို့က လခစား တွေမဟုတ်ကြပါဘူး။ အားလုံးက အထက်လူကြီး၊ အောက်လူကြီးဆိုတဲ့ ရာထူးတွေ ရှိကြပေမယ့် အားလုံးပူး ပေါင်းပြီးတော့ ညှိ့နှိုင်းလုပ်ဆောင်ကြရင် ပိုပြီးအောင်မြင်မှုတွေ ရမယ်လို့ မျှော်လင့်မိပါတယ်ရှင့်။ ဒါကတော့ ကျွန်မတို့အစိုးရကို ကျွန်မတို့ လိုအပ်ချက်တွေ လိုချင်တဲ့လိုအပ်ချက်တွေ တင်ပြပေးတာပါ။ NUG အနေနဲ့လည်း မြေပြင်မှာ တကယ်အလုပ်လု်ပ်နေတဲ့သူတွေကို ချိတ်ဆက်ပြီးတော့ ဘယ်လိုတွေ လိုအပ်ချက်ရှိလဲ၊ ဘာတွေ လုပ်သင့်လဲဆိုတာကို နည်းလမ်းလေးတွေလည်းပေး၊ အချင်းချင်းတိုင်ပင်ဆွေးနွေးပြီး လုပ်သွားရင်တော့ ဒီထက် ပိုပြီးအောင်မြင်မှုတွေရမယ်လို့ ကျွန်မအနေနဲ့ မျှော်လင့်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.