အမျိုးသားညီညွှတ်ရေးအစိုးရ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်နဲ့ ဆက်သွယ်မေးမြန်းချက်

0
5364

“ကျွန်တော်တို့ နည်းမျိုးစုံနဲ့တားဆီးဖို့ လုပ်နေကြတယ်ပေါ့။ ဥပဒေလမ်းကြောင်းအရ ဖမ်းဆီးအရေးယူတဲ့နည်းလမ်း၊   ပြည်သူလူထုကို မသတ်နိုင်အောင် စစ်ရေးအရ ကာကွယ်ပေးနိုင်တဲ့ နည်းလမ်း နဲ့ အသက်အိုးအိမ်ကို ကာကွယ်မပေးနိုင်တဲ့ အနေအထားရှိနေရင် ပြည်သူလူထုကို ဘေးကင်းဖို့ ဘယ်လို ဆောင်ရွက်ပေးနိုင်မလဲဆိုတဲ့ နည်းလမ်း သုံးမျိုးနဲ့ လုပ်ဆောင်နေပါတယ်”

အရင်ဆုံး ကုလသမဂ္ဂအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဘာတွေ ဆွေးနွေးခဲ့ပါသလဲ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာနဲ့  အာဆီယံအထူးသံ  အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ အစီရင်ခံတင်ပြတယ်၊  လုံခြုံရေးကောင်စီက ပြီးခဲ့တဲ့  ၂၀၂၂ခုနှစ် ဒီဇင်ဘာလက ဆုံးဖြတ်ချက်နဲ့  ပက်သက်ပြီးတော့ မြန်မာနိုင်ငံမှာ ဘာတွေလိုက်နာမှုရှိမလဲ  အခြေအနေဘယ်လိုရှိလဲဆိုတာကို တင်ပြကြတယ်လို့ သိရတယ်။ အဲ့ဒါက တံခါးပိတ်ဆွေးနွေးပွဲဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ အပြည့်အစုံတော့ မသိရဘူး။ တက်ရောက်တဲ့ သံတမန်တချို့ဆီက ပြန်ကြားတဲ့တာလောက်ပဲ  သိရတယ်။

ကျွန်တော်တို့ သုံးသပ်တာကတော့ ဒီလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို စစ်ကောင်စီက ဘာတခုမှ  အကောင်အထည်ပေါ်နိုင်ခြင်း မရှိဘူး ။စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေက ပိုပိုပြီး ပြင်းထန်လာတယ်။ မြန်မာပြည်အခြေအနေက ပိုဆိုးရွားလာတယ်။ အဲဒါတွေကို တင်ပြဆွေးနွေးမယ် ထင်ပါတယ်။

အထွေထွေညီလာခံမှာ တင်ပြသွားတာ သုံးသပ်ရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ အစီရင်ခံမှုတွေ့ရပါတယ်။ ဒီစစ်တပ်က လူထုကို ရက်ရက်စက်စက်နဲ့ အရှိန်မြှင့် လုပ်နေတာကလည်း မြေပြင်မှာ သူတို့ရှုံးမဲ မဲနေတယ်လို့ ပြောရမယ်။ နိုင်ငံရေး ထွက်ပေါက်ရဖို့အတွက် အတုအယောင်ရွေးကောက်ပွဲလည်း ပြင်ဆင်နေတယ်ဆိုတာကို  အထူးကိုယ်စားလှယ်တွေက တင်ပြသွားတယ်။ ဒါပေမယ့် အဲ့ဒီလို အတုအယောင်ရွေးကောက်ပွဲ လုပ်ခြင်းဟာ  ထွက်ပေါက်မရနိုင်တဲ့အပြင် သူတို့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေက ပိုမိုပြီး မြင့်မားလာနိုင်တယ်လို့ ထောက်ပြသွားတာ ရှိတယ်။ နောက်ပြီးတော့ မြန်မာလူထုတွေက စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်ကို ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်တဲ့ နည်းလမ်းတွေနဲ့လည်း ဆက်လက်ထုတ်ဖော်နေကြသလို လက်နက်ကိုင်တော်လှန်တဲ့ လူတွေကလည်း လက်နက်ကိုင် တော်လှန်နေကြတယ်။ ဒါပေမယ့် ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့က စစ်ကောင်စီကို ဘက်ပေါင်းစုံကနေ ဆန့်ကျင်ခုခံတော်လှန် နေကြတယ်ဆိုတာ တွေ့ရတယ်။ ဒါတွေကို ကုလသမဂ္ဂမှာ ဆွေးနွေးသွားကြတယ်လို့ ကြားရတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကုလအစည်းအဝေးမှာ ဘာတွေ တင်ပြနိုင်ခဲ့သလဲ။ ပြည်သူတွေအနေနဲ့ရော ဘာတွေ မျှော်လင့်လို့ ရနိုင်မလဲ။

လုံခြုံရေးကောင်စီအစည်းအဝေးကတော့ ကျွန်တော်တို့ သံအမတ်ကြီးဉီးကျော်မိုး တက်ခွင့်မရဘူး။ ဘာလို့ဆိုတော့ တံခါးပိတ်အစည်းအဝေးဖြစ်တယ်။ လုံခြုံရေးကောင်စီဝင်တွေပဲ။ ဒါပေမယ့် အစည်းအဝေးမတိုင်ခင်နဲ့ အစည်းအဝေး ပြီးတဲ့ အချိန်မှာလည်း အလွတ်သဘော  လုံခြုံရေးကောင်စီဝင်တချို့နဲ့ အလွတ်သဘောဆွေးနွေးကြတာ ရှိတယ်။ ပြောပြတာတော့ ရှိတယ်။ အခုကျတော့ အထွေထွေညီလာခံမှာကျတော့ ကျွန်တော်တို့ သံအမတ်ကြီး ဉီးကျော်မိုးထွန်းက မြန်မာနိုင်ငံအခြေအနေကို တင်ပြသွားတာ တွေ့ရှိရပါတယ်။ အစည်းအဝေးမတိုင်ခင်လေးတင် လတ်တလော ဖြစ်သွားတဲ့ ပင်လောင်းမြို့နယ်က သံဃာတော်သုံးပါးအပါအဝင် အရပ်သားတွေကို ရက်ရက်စက်စက််နဲ့ အကြမ်းဖက်စစ်တပ်က သတ်သွားတဲ့ဟာတွေကို အထောက်အထားနဲ့ သံအမတ်ကြီးက တင်ပြသွားတာရှိတယ်။  

 အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်ခေါင်းဆောင်ကို အရေးယူဖို့ နိုင်ငံတကာမှာ အမှုဖွင့်ထားတဲ့ အခြေအနေကရော ဘယ်အခြေအနေထိ ရောက်ရှိနေပြီလဲ။

ကျွန်တော်က ဥပဒေပညာရှင် မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော် သိသလောက်  ပြီးခဲ့တဲ့ နှစ်က ယာယီသမ္မတကြီးကနေ ICCကို….. မြန်မာနိုင်ငံမှာ စုံစမ်းစစ်ဆေးဖို့ စာပို့ထားပြီးပြီ။  ICC က စာကို လက်ခံလိုက်တယ်။ အမှုဖွင့်ဖို့  သူတို့က စဉ်းစားနေတုန်းရှိသေးတယ်။ ဘာမှ ဆုံးဖြတ်ချက်မချသေးဘူး။  နောက်ထပ် အမြန်ဆုံးလမ်းကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ICC ကို စစ်ဆေးအရေးယူဖို့အတွက် လွှဲပြောင်းပေးတာ။ ICCအနေနဲ့ ချက်ချင်းလုပ်ကို လုပ်ရမယ်။ သူ့အနေနဲ့ စစ်ဆေးသင့် မသင့်ကို လေ့လာနေစရာ မလိုဘူး။

ကျွန်တော်တို့ နည်းလမ်းပေါင်းစုံ ကြိုးစား လုပ်ဆောင်နေတယ်။ ကျွန်တော်တို့ လုပ်လို့ရတာ လုပ် ပြီးသွားပြီ။  နိုင်ငံတကာနဲ့တွဲပြီးလည်း တောင်းဆိုနေတယ်။ အားလုံး ခိုင်မာတဲ့အထောက်အထားတွေကို.ပေးပို့ထားပြီ။  စုံစမ်းစစ်ဆေးတာလည်း အားလုံး အဆင့်သင့်ဖြစ်နေပြီ။  နောက်တစ်ခုက  အာဂျင်တီးနားမှာလည်း အမှုဖွင့်ဖို့ ဆောင်ရွက်နေသလို  ဂျာမနီနိုင်ငံမှာ စုံစမ်းစစ်ဆေးအရေးယူဖို့  စစ်ကောင်စီကို အမှုဖွင့်ထားပြီးပြီ။ အမှုဖွင့်တာကို လက်ခံမခံကို ကြားနာရမယ့် အဆင့်မှာ ရှိနေတယ်။ နောက်တစ်ခုက အင်ဒိုနီးရှားမှာလည်း စစ်ကောင်စီမှာ တရားစွဲဖို့  လုပ်နေတာ ရှိတယ်။ တူရကီမှာလည်း လုပ်နေတာရှိတယ်။ စစ်ကောင်စီကို

ဖိအား ပေါင်းစုံ လုပ်နေကြတယ်။ မကြာခင် ဖြစ်လာဖို့ မျှော်လင့်ပါတယ်။

 တော်လှန်ရေးအားကောင်းတဲ့ ဒေသက ပြည်သူတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံနေရတဲ့ ကိစ္စတွေကို တားဆီးဖို့ ဘယ်လိုပြင်ဆင်ထားပါသလဲ။

ကျွန်တော်တို့ နည်းမျိုးစုံနဲ့တားဆီးဖို့ လုပ်နေကြတယ်ပေါ့။ ဥပဒေလမ်းကြောင်းအရ ဖမ်းဆီးအရေးယူတဲ့နည်းလမ်း၊   ပြည်သူလူထုကို မသတ်နိုင်အောင် စစ်ရေးအရ ကာကွယ်ပေးနိုင်တဲ့ နည်းလမ်း နဲ့ အသက်အိုးအိမ်ကို ကာကွယ်မပေးနိုင်တဲ့ အနေအထားရှိနေရင် ပြည်သူလူထုကို ဘေးကင်းဖို့ ဘယ်လို ဆောင်ရွက်ပေးနိုင်မလဲဆိုတဲ့ နည်းလမ်း သုံးမျိုးနဲ့ လုပ်ဆောင်နေပါတယ်။

 နောက်ဆုံးအနေနဲ့ ဒီနောက်ပိုင်း စစ်ကောင်စီက လူမျိုးရေး၊ဘာသာရေး အမုန်းတရားတွေဖန်တီးဖို့ ကြိုးပမ်းလာတာ တွေ့ရပါတယ်။ NUG အနေနဲ့ ဒီအပေါ်မှာ ဘယ်လို ကိုင်တွယ်ဖြေရှင်းဖို့ ရှိပါသလဲ။

NUG ၊ ကရင်နီပြည်နယ်အစိုးရ၊  ပအို့ဝ်တော်လှန်ရေးအဖွဲ့ပေါင်းပြီး  ကျွန်တော်တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။  အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ။ ကျွန်တော်တို့ ပွ ထိန်ချန်ထားတာမရှိပဲ စုံစမ်းစစ်ဆေး တွေ့ရှိတာတွေကို အမှန်တိုင်း ပြခဲ့တယ်။ကျည်ဆန်တွေကအစ တော်လှန်ရေးတပ်ဖွဲ့တွေမှာ မသုံးတဲ့ ကျည်ဆန်။ သူတို့ မဟုတ်မမှန် လိမ်လည်ပြီး ဓာတ်ပုံတွေ ရိုက်သွားပြီး  pdfတွေ  တိုင်းရင်းသားအင်အားစုတွေ သတ်တယ်ဆိုပြီးတော့ လိမ်ညာတယ်။  ပြည်သူတွေကို ပြောချင်တာက ပအို့ဝ်နဲ့ ကရင်နီတွေဟာ သမိုင်းအစဉ်အလာအရ အတူတကွ လက်တွဲပြီး နေလာခဲ့ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ကူညီခဲ့ကြတယ်။ ကရင်နီတွေအတွက် ပအို့ဝ်ဘက်က ကူညီလို့ရတဲ့ အပိုင်းတွေ ကူညီကြတယ်။ အပြန်အလှန် ကူညီခဲ့ကြတယ်။ ညီအစ်ကိုလို နေလာခဲ့ကြတယ်။ အဲ့ဒါကို သူတို့မှာက လုပ်စရာက အကြမ်းဖက်တာနဲ့ တိုင်းရင်းသားအချင်းချင်း သွေးခွဲမယ်၊  အမြင်မတူတဲ့တာကို အမြတ်ထုတ်ပြီးတော့ အင်အားနည်းအောင် လုပ်ပြီး သူတို့ သက်ဆိုးရှည်အောင် ကြိုးစားနေကြတာ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.