မသန်စွမ်းသူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းနဲ့ ဆက်သွယ်မေးမြန်းချက်

0
6231

မသန်စွမ်းစီးပွားရေးလုပ်ငန်းရှင်တွေအပါအဝင် အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေကို သက်တမ်း ၃ နှစ်ရှိတဲ့ ကာလတိုချေးငွေ ထုတ်ချေးပေးသွားမယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။ ချေးငွေ ရယူလိုတဲ့ မသန်စွမ်းစီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ မတ် ၂၄ ရက်နေ့ နောက်ဆုံးထားပြီး စစ်ကောင်စီ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနရုံး နေပြည်တော်မှာ လျှောက်ထားကြဖို့ ထုတ်ပြန်ထားပါတယ်။ ချေးငွေထုတ်ရာမှာ တင်းကျပ်ထားတဲ့ ကန့်သတ်ချက်တွေ၊ စစ်တပ် အာဏာသိမ်းကာလအတွင်း မသန်စွမ်းသူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းနဲ့ ဆက်သွယ်မေးမြန်းထားပါတ​ယ်။

အရင်ဆုံး စစ်ကောင်စီက မသန်စွမ်းစီးပွားရေးလုပ်ငန်းရှင်တွေကို ကာလတို ချေငွေထုတ်ချေးပေးမယ်လို့ ကြေညာလာတာ တွေ့ရပါတယ်။ ဒီချေးငွေက ရနိုင်ဖို့ ဘယ်လို ကန့်သတ်ချက်တွေ ရှိနေလဲ။ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

NLDအစိုးရလက်ထက်ကတည်း နိုင်ငံတော်က အရင်းမပျောက် မတည်ငွေဆိုပြီး ၃ ဘီလီယံ ထုတ်ပေးခဲ့တာ ရှိတယ်။ အရင်းမပျောက်ဆိုတော့ ဒါကိုမသန်စွမ်းတွေကို ခွဲဝေပေးလိုက်ရင် အရင်းက ပျောက်သွားမှာကိုး။ ၃ဘီလီယံဆိုတာ ဘယ်လောက်မှ မများလောက်ပါဘူး။ ပွားအောင် လုပ်ရမယ်ဆိုတဲ့ ကျွန်တော်တို့ စိတ်ကူးတွေ ရှိခဲ့တယ်။ ၃ဘီလီယံတွေ ပွားအောင်လုပ်မယ်ပေါ့။ ပွားအောင်လုပ်တဲ့အခါကျတော့ ဝန်ကြီးဌာနအနေနဲ့က မသန်စွမ်းစီးပွားရေးလုပ်ငန်းရှင်တွေကို တိုက်ရိုက်ချေးမယ်။ တိုက်ရိုက်အလုံးချပေးမယ်ဆိုရင်  ငွေကြေးချေးတဲ့ ဌာနက လုပ်ရတဲ့လုပ်ငန်းစဉ်တွေက တော်တော်လေး ရှုပ်ထွေးတယ်။ကျွန်တော်တို့ ဘယ်လိုစဉ်းစားလဲဆိုတော့ ကြားခံအဖွဲ့အစည်းတစ်ဖွဲ့၊ စီးပွားရေးလုပ်ငန်းရှင်တစ်ဖွဲ့ကို ခေါ်မယ်။ အဲဒီစီးပွားရေးလုပ်ငန်းရှင်ဆိုတာကတော့ အသေးစား ငွေကြေးလည်ပတ်တဲ့လုပ်ငန်းကိုလုပ်တဲ့ စီးပွားရေးလုပ်ငန်းရှင် အဲဒီမှာပဲ လည်ပတ်ငွေက ၁၀ဘီလီယံအထက်မှာ ရှိတဲ့အသေးစား ငွေကြေးစီးပွားရေး အဖွဲ့အစည်းပေါ့။ အဲဒီအဖွဲ့အစည်းကို တဆင့်ပေးလိုက်မယ်။ ပေးလိုက်မှ အဲဒီအဖွဲ့အစည်းကတဆင့် ငွေကြေးတွေ ချေးဌားမှာပေါ့။ ချေးတဲ့အထဲမှာ မသန်စွမ်းလုပ်ငန်းရှင်တွေလည်း ပါလာနိုင်တယ်။ အဲဒီတော့သူက ကြားခံတစ်ခု ခံလိုက်တဲ့သဘောပဲ။ ဝန်ကြီးဌာနက မသန်စွမ်းတွေကို တိုက်ရိုက်ပေးတာ မဟုတ်ပဲနဲ့ ငွေကြေးလည်ပတ်တဲ့ လုပ်ငန်းရှင်တစ်ဉီးကို သူတို့ကလုပ်ငန်းပေးပြီးတော့မှ အဲဒီလုပ်ငန်းရှင်မှာလည်း ၁၀ဘီလီယံအထက် ရင်းနှီး မတည်ငွေရှိရမယ် စသဖြင့် အဲဒီလုပ်ငန်းရှင်က ကျန်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေကို ပြန်ပြီးချေးဌားပေးမယ်။ ချေးဌားပေးတဲ့ထဲမှာ မသန်စွမ်းစီးပွားရေးလုပ်ငန်းရှင် ပါလာနိုင်တယ်ပေါ့။ အဲဒီတော့ ရလာတဲ့အကျိုးအမြတ်ကိုမှ သူ့ရဲ့ကြေငြာချက်အရ နဂိုတည်းကလည်း ကျွန်တော်က အဲဒီကော်မတီမှာ ပါခဲ့တော့ အဲဒီအကြောင်းတွေ ထဲထဲဝင်ဝင် သိတယ်ပေါ့။ အဲဒီထဲကမှ တကယ်လိုအပ်နေတဲ့ မသန်စွမ်းတွေကို တိုက်ရိုက်ငွေသားထောက်ပံ့တာမျိုးပေါ့။ နောက်တစ်ခါကျတော့ မသန်စွမ်းအဖွဲ့အစည်းတွေကို ငွေသားထောက်ပံ့ပေးတာမျိုးတွေ လုပ်မယ်ဆိုတာမျိုး စဉ်းစားခဲ့တာ ။ရတဲ့ အမြတ်တောင်မှ အကုန်မဟုတ်ဘူး။ ရတဲ့အမြတ်ရဲ့ တစ်ချို့ ကို လုပ်မယ်ဆိုတဲ့ စဉ်းစားချက်ကိုပဲ ဆက်ပြီး စဉ်းစားပုံရပါတယ်။

ဒီချေးငွေတွေကို မသန်စွမ်းစီးပွားရေးလုပ်ငန်းရှင်တွေက ရဖို့ အခက်အခဲ ရှိတဲ့ အခြေအနေလား၊ ဘယ်လို မြင်ပါသလဲ။


ဟုတ်တယ်။ ဒီမှာက ဘဏ်တွေကအစ ရပ်ကွက်ထဲက အပေါင်ဆိုင်သာသာ ဖြစ်နေတယ်ဗျာ။ ဘဏ်ချေးငွေရဖို့တောင်မှ အထောက်အထားတွေ အများကြီးလိုတယ်။ ဘာတွေညာတွေ စသဖြင့် အများကြီးလိုတယ်။ ကျွန်တော်တို့ မသန်စွမ်းတွေမှာ အဲဒီလောက်ခိုင်ခိုင်မာမာ  ဘယ်ရှိပါ့မလဲ။

ဘယ်လောက် လည်ပတ်တာ ဘယ်လောက် ပိုင်ဆိုင်မှု အဲဒီလောက်ရှိတော့မှဖြင့် ဘယ်ချေးဌားတော့မလဲ။ ကျွန်တော်တို့ဆီမှာ အိုင်ဒီယာကို ချေးဌားတယ်ဆိုတာ မရှိဘူး။ ရပ်ကွက်ထဲကအပေါင်ဆိုင် ဒါ ကျွန်တော်အမြဲတမ်း လုပ်ငန်းရှင်တွေကို ပြောတယ်။ အများကြီးတောင်းတယ်။ အဲ့လောက်ပိုင်နေတော့ ပိုင်တဲ့သူကပဲ ပိုပိုရှိသွားတာပေါ့။ မရှိတဲ့လူမှာ မရှိတဲ့သူက ချေးဌားလုပ်ပါမယ်ဆိုကာမှ ပိုင်ဆိုင်မှုတွေ အများကြီးတောင်းတဲ့အခါမှာ ကျွန်တော်တို့မှာ အခက်အခဲ ရှိတယ်။အဲဒါကို လုံးဝသေချာတယ်။ နယ်မှာ ကိုယ်ပိုင် ဆိုင်ကယ်နင်းကြရတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မသန်စွမ်းက ခြေတုနဲ့ နေ့စားဌားပြီး နင်းရတာ။ ကိုယ်ပိုင်ဆိုင်ကယ်လေး ဝယ်ချင်လို့ ချေးဌားမယ်ဆို ပိုင်ဆိုင်မှုတောင်း တယ်။ အဲ့ဒါတွေက ကျွန်တော်တို့မှာ တော်တော်အခက်အခဲရှိတယ်။ ပိုင်ဆိုင်မှုတွေ တောင်းတယ်။ ငွေကြေးရှင်းတမ်းအများကြီး ပရောဆက်တွေ အားလုံးက တော်တော်အခက်အခဲရှိတယ်။တချို့ ချေးငွေလုပ်ငန်းတွေ ရှိပါတယ်။ မသန်စွမ်းဉီးစားပေးသလို ဘာလိုလိုနဲ့ ပြီးလည်းပြီးရော တကယ့်တကယ်ကျ ပုံတူကူးဒီတိုင်းပဲ။ ကျွန်တော်တို့ကို ကိုဗစ်ကိစ္စကြောင့် ချေးငွေပုံမှန်မဆပ်နိုင်လို့ မသန်စွမ်းမို့ မျက်နှာသာ ပေးတယ်မထင်နဲ့။ ပယ်တာပဲ အဲ့တော့ဒီလုပ်ငန်းက ကောင်းတော့ ကောင်းပါတယ်။ တော်တော်များများတော့ ပြန်ပြီးတော့ ပြင်ဆင်ရမယ်ထင်တယ်။ ဒီတိုင်းကတော့ မသန်စွမ်းတွေဆီ တိုက်ရိုက်စီးဆင်းဖို့အတွက်တော့ တော်တော်နည်းနည်း ခက်ခဲလိမ့်မယ်လို့ ထင်တယ်။

 -စစ်တပ် အာဏာသိမ်းတဲ့ နှစ်နှစ်တာကာလအတွင်း မသန်စွမ်းသူတွေအနေနဲ့ ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်ကြုံတွေ့နေရပါသလဲ။


နိုင်ငံရေးအခင်းအကျင်း စီးပွားရေးအခင်းကျင်းမှာ ကျွန်တော်တို့ တော်တော်ကို ဒုက္ခရောက်တယ် ။ ပိုပိုဆိုးလာတယ် နောက်၂နှစ် ၊ ၃နှစ်ဆိုတဲ့ PLANတွေဘာတွေဆို ကျွန်တော်ပြောတယ်။ နောက်၂နှစ်၊ ၃နှစ်ရေရှည် PLANတွေလုပ်မနေနဲ့ လောလောဆယ်ကို ကျွန်တော်တို့ ပုံမှန်စားဖို့ မရှိဘူး။ လူတွေလည်း လက်တွေ့ကျကျပဲ စဉ်းစားကြရအောင်ပါ ဆိုတဲ့ စကားလုံးအမြဲတမ်းသုံးတယ်။ မသန်စွမ်းတွေက စားဝတ်နေရေး ကြပ်တည်းလာပြီး ဘာကြောင့်လဲဆိုတော့ ဝင်ငွေတွေ မရှိဘူး။ အလုပ်အကိုင်အခွင့်အလမ်းတွေ တော်တော်နည်းတယ်။ ရှိပြီးသား အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးသွားတာတွေ အများကြီးဖြစ်နေတယ်။ ကျွန်တော်တို့ကိုမှီခိုနေရတဲ့ ကိုယ့်မိန်းမကို ရှာကျွေးနေမယ် ကိုယ့်ယောင်္ကျားကို ရှာကျွေးနေမယ်။ ကိုယ့်သားသမီးကိုရှာကျွေးနေမယ်။ သူတို့တွေ အလုပ်လက်မဲ့တွေ ဖြစ်ကုန်တယ်။ ကျွန်တော်တို့တွေက အလုပ်အကိုင်အခွင့်အလမ်းတွေ ဆိုးဆိုးဝါးဝါး ဖြစ်လာတယ်။ ဖြစ်လာတော့ နောက်ဆက်တွဲက ပြဿနာတွေ ရှိလာတယ်။ ကျန်းမာရေး၊လူမှုရေးပြဿနာတွေ ရှိလာတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိလာတယ်။ အရင်တုန်းက စိတ်ဓာတ်ခိုင်မာပါတယ်ဆိုတဲ့ မသန်စွမ်းတွေတောင်မှပဲ အခုဆို စိတ်ဓာတ်ယိမ်းယိုင်လာတာတွေ တွေ့ရတယ်။ ဒီ၂နှစ်၊ ၃နှစ်ကာလမှာ ကျွန်တော်တို့ရဲ့ လူမှုစီးပွားရေးအခြေအနေက တော်တော့ကို ဇောက်ထိုးဆင်းသွားတယ်လို့ပဲ ပြောရမယ်။ ကောင်းနေတဲ့သူတွေ ရှိကောင်းရှိပါလိမ့်မယ်။ ဒါကသူတို့အပိုင်းကိုမပြောလိုပါဘူး။ အများစုကတော့ တော်တော်ဇောက်ထိုးကို ဆင်းသွားပြီ။ အဲ့ဒါမျိုးတွေ ရှိတယ်။

-စစ်ကောင်စီလက်ထက်မှာ မသန်စွမ်းအရေအတွက် ဘယ်လောက်အထိ တိုးလာလဲ။ မသန်စွမ်းအရေအတွက် တိုးလာရတဲ့ အကြောင်းအရင်းတွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။


တိုးလာတာပေါ့။တိုးလာတာလို့ပဲ ကျွန်တော်တို့ ပြောရမှာပေါ့နော်။ အဲဒါကျတော့ မတိုးသင့်ပဲတိုးလာတာပဲ ပြောရမယ်။ မသန်စွမ်းအမျိုးအစားတွေက အများကြီးရှိတယ်။ မသန်စွမ်းအမျိုးအစားတွေကို မပြောတော့ဘူး မသန်စွမ်းဖြစ်ရခြင်း အကြောင်းအရင်း (၃)ခုပဲရှိပါတယ်။ ကမ္ဘာပေါ်မှာ မသန်စွမ်းဖြစ်ရခြင်းအကြောင်းက ၃မျိုးပဲရှိတယ်။ တစ်မျိုးက မွေးရာပါ။ အမြင်အာရုံပဲဖြစ်ဖြစ် အကြားအာရုံပဲဖြစ်ဖြစ် ကိုယ့်ရဲ့ မွေးရာပါနံပါတ်တစ်။မွေးရာပါ ဘာမှမတတ်နိုင်ဘူး။ ကျွန်တော်လည်း မွေးရာပါ။နံပါတ်နှစ်က သဘာဝဘေးအန္တရာယ်။ သဘာဝမုန်တိုင်းတိုက်တယ် မီးလောင်တယ်ဗျာ။ ငလျင်လှုပ်တယ်ဗျာ။ တိုက်တွေပြိုကျကုန်တယ်။ ဒါတွေဖြစ်သွားရတဲ့အတွက် မသန်စွမ်းဖြစ်သွားတာတွေ ဒါပေမယ့်စိတ်မကောင်းစရာက လူကလူလုပ်တဲ့အတွက်ကြောင့် မသန်စွမ်းဖြစ်သွားတာတွေကတော့ လက်ခံဖို့ တော်တော်ခက်ပါတယ်။ သဘာဝပရောဂမဟုတ်ပဲ လူ့ပရောဂကြောင့် မသန်စွမ်းဘဝတွေ ရောက်သွားရတာတွေကတော့ လူမှုအသိုင်းအဝိုင်းထဲမှာ တစ်ချိန်ကျရင် ကြီးမားတဲ့ ပြောစရာဖြစ်လာမှာပေါ့။ အဲ့ဒါကတော့ ကျွန်တော်တို့ လက်ခံဖို့ကတော့ နည်းနည်းတော်တော်ခက်တယ်။ အဲ့ဒါလေးပြောချင်တယ်။


-နောက်ဆုံးအနေနဲ့ မသန်စွမ်းသူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောကြားလိုတာ ရှိမလဲ။


အခုချိန်မှာတော့ ကျွန်တော်တို့က သနားလို့ ကူညီထောက်ပံ့တယ်ဆိုတဲ့ စကားလုံးအသုံးအနှုန်း အယူအဆပေါ့ အဲ့လိုမျိုး သဘောမျိုးဆန်တာတော့ မနှစ်မျို့ဘူး။ ကျွန်တော်တို့ရဲ့ မာန်မာနရှိပါတယ်။ အခုလောလောဆယ်မှာ ဒီလိုလိုင်းကို မသွားလို့ မရတော့တဲ့ အချိန်မှာတော့ မသန်စွမ်းတွေအတွက် အများကြီးမတောင်းတော့ပါဘူး။နှစ်ချက်တောင်းမယ်။ တစ်ချက်က စာနာနားလည်တဲ့ အနေနဲ့ဖြစ်နိုင်ရင်တော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ထည့်သွင်းစဉ်းစားပေးစေချင်ပါတယ်။ နောက်ပြီးတော့ ဘာပဲလုပ်လုပ် အခု စားနပ်ရိက္ခာထောက်ပံ့နေတဲ့ဟာတွေ အရေးပေါ်ထောက်ပံ့တာတွေ အများကြီးတွေ့ရတယ်။ အဲ့ထဲမှာ မသန်စွမ်းတွေအတွက် ပါမလာပါဘူး။ အဲ့အတွက်ထည့်သွင်းစဉ်းစားပေးပါ။ အဲ့နှစ်ချက်ကျွန်တော်တောင်းဆိုချင်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ များများဖန်တီးပေးပါ။ လူမှုစီးပွားရေးအခြေအနေ အရမ်းကျဆင်းသွားပြီ။ တခြားလုပ်တဲ့လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေပေါ့။ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေမှာ မသန်စွမ်းတွေအတွက်ကို အထူးပဲစဉ်းစားဆောင်ရွက်ပေးပါလို့ အဲ့ဒါလေးမေတ္တာရပ်ခံ ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.