အရာတော် ၊ မတ် ၂

အာဏာသိမ်း ၂ နှစ်တာကာလအတွင်း စစ်တပ်က ကျန်းမာရေးဝန်ထမ်း ၇၀ နီးပါးကို သတ်ဖြတ်ခဲ့ပြီး ၉၀၀ နီးပါး ဖမ်းဆီးခဲ့သလို ၇၈၀ ကျော်ကိုလည်း ထိခိုက်ဒဏ်ရာရစေခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အခုနှစ် ဇန်နဝါရီကနေ ဖေဖော်ဝါရီ ၂ လ အတွင်းမှာ စစ်တပ်က ကျန်းမာရေးကဏ္ဍအပေါ် လေကြောင်းတိုက် ခိုက်မှုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုတွေနဲ့အခြားအကြမ်းဖက်မှုတွေကို လူမဆန်စွာ ဆက်တိုက်ကျူးလွန်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

အဲဒီထဲမှာ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းတိုက်နယ် ဆေးရုံကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့မှာ စစ်တပ်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာကနေ အသက် ၆၂ နှစ်အရွယ် အမျိုးသမီးကျည်ထိမှန် သေဆုံးခဲ့ရပြီး ဆေးရုံရှိ ဓာတ်မှန်စက်အပါအဝင် ဆေးရုံအဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နွယ်အင်းကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲ ဆေးခန်း ၁ ခုတည်းကိုသာ ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ NUG က ဆိုပါတယ်။

ပဲခူးတိုင်းရှိ တောတွင်းတစ်နေရာမှာ မွေးလူနာကုသပေးပြီး ပြန်လာတဲ့ CDM သူနာပြုဆရာမတစ်ဦးကို စစ်တပ်ကဖမ်းမိပြီး စစ်ကြောရေးမှာ နှိပ်စက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ မုဒိမ်းကျင့် ပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ကသာမြို့နယ်၊မိုးဒါးကြီးကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က CDM အထက်တန်း သူနာပြု ဆရာမတစ်ဦးကိုလည်း ဖမ်းဆီးပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ သတ်ဖြတ်ခဲ့တယ်လို့ ဆိုထားပါတယ်။

အခုလို ကျန်းမာရေးကဏ္ဍအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်နေတာဟာ ဂျီနီဗာ ကွန်ဗန်းရှင်း၊ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေ၊ နိုင်ငံတကာဥပဒေတွေနဲ့ ပြည်တွင်း ဥပဒေတွေကို စစ်ကောင်စီကပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့ NUG က ဆိုပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ပြင်းထန်စွာရှုတ်ချပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဖြစ်နိုင်တဲ့ နည်းလမ်းတွေကို အသုံးပြုပြီး အမြန်ဆုံးထိရောက်စွာ တားဆီးအရေးယူဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- NUG ကျန်းမာရေးဝန်ကြီးဌာနပုံစာ- ဇန်နဝါရီ(၁၀-၁၁) ရက်နေ့တွေမှာ (CNF) ဌာနချုပ်တည်ရှိရာ Camp Victoria စခန်းကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုကြောင့် ပြင်ပလူနာကုသဆောင်၊ ဆေးစတိုပျက်စီးခဲ့ပုံများ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.