လွိုင်ကော်၊ မတ်(၃)
ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်စပ်က စစ်ကောင်စီ စစ်ကြောင်းတွေမှာ ပအိုဝ်းအမျိုးသားတပ်မ တော် PNO/ PNA ကနေ အသွင်ပြောင်းဖွဲ့စည်းထားတဲ့ ပအိုဝ်းပြည်သူ့စစ်အဖွဲ့က ပူးပေါင်းပါဝင် လှုပ်ရှားလာတယ်လို့ ကယားပြည်နယ်စစ်ရေး သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၇) ရက်နေ့က ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်ထဲကို PNAနဲ့ စစ်ကောင်စီ ပူးပေါင်း တပ်က စစ်ကြောင်းထိုးလာပြီး နေ့လည်ပိုင်းမှာ KA၊KNDF၊PDF ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီနဲ့ PNA ပူးပေါင်းအဖွဲ့က (၉) ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က M-16 (၃)လက်၊AK(၁)လက်၊9MM(၄) လက်နဲ့ ကျည်တွေသိမ်းဆည်းရမိခဲ့ တယ်လို့ ဆိုထားပါတယ်။
သေဆုံးထားတဲ့ စစ်သားတွေမှာ PNA ယူနီဖောင်းတွေ ပါဝင်နေတဲ့အတွက် PNA ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး စစ်ကြောင်းထိုးလာတာကို အတည်ပြုနိုင်တယ်လို့ ကရင်နီစစ်ရေးသတင်း အချက်အ လက်စင်တာ KMIC က ပြောပါတယ်။
PNO/PNA ဟာ စစ်တပ်အာဏာသိမ်းပြီးထဲက ရှမ်း-ကယားနယ်စပ်မှာ စစ်ကောင်စီနဲ့ ပူးတွဲစစ်ရေး လှုပ်ရှားတာတွေ ရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ဖူးပါတယ်။
ပြီးခဲ့တဲ့နှစ် မေလကလည်း ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်က စစ်ကောင်စီတပ်အထိုင်ချထားတဲ့ ထီရိကျေး ရွာစခန်းကို တိုက်ခိုက်ခဲ့ချိန်မှာလည်း PNA တပ်သားတချို့ စခန်းအတွင်းရှိနေတဲ့အတွက် သေဆုံးတာတွေ ရှိခဲ့ဖူးပါတယ်။
အဲဒီတုန်းက PNO အဖွဲ့ကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းစဉ် အောက်ခြေစစ်သားအချင်းချင်းပူးပေါင်းနေထိုင်တာဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းမှာ PNA ရဲ့ ယူနီဖောင်းတွေ့ရှိတာဟာ စစ်ကောင်စီဘက်က ယူဝတ်သွားတာဖြစ်တယ်လို့ ဖြေဆိုဖူးပါတယ်။
ပအိုဝ်းဒေသအတွင်းက လူငယ်တွေကို PNO/PNA အဖွဲ့က စစ်ရေးလေ့ကျင့်ခိုင်းတာ၊ တစ်အိမ်ကို ငွေကျပ် (၃)သောင်း ကောက်ခံတာတွေ အဓမ္မလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး PNO တာဝန်ရှိသူတွေကို သံလွင်တိုင်းမ်က ဖုန်းနဲ့အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာတော့ မရှိခဲ့ပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KMIC

