မော်လမြိုင် ၊ ဒီဇင်ဘာ (၂၉)

ကရင်ပြည်နယ် လေးကေကော်ဒေသမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား ၁၄ ရက်ကြာတဲ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေလို့ ထိုင်းဘက်ကို စစ်ရှောင်တွေ ထွက်ပြေး ဝင်ရောက်လာမှု ပိုများလာနေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

 ဒီဇင်ဘာ ၁၅ ရက်နေ့ကစပြီး လေးကေကော်ဒေသမှာ KNLA တပ်မဟာ ၆ နဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေယာဉ်၊ တင့်ကား၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုတွေကို လုပ်ဆောင်နေခဲ့တာပါ။

အထူးသဖြင့် လေးကေကော်မြို့သစ်၊ ထီးမယ်ဝါးခီးနဲ့ မယ်ထော်သလေးကျေးရွာတွေကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ အဓိကထား လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။

 လက်ရှိမှာတော့ KNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့အတွက်ကြောင့် ထိုင်းနိုင်ငံဘက်ကို စစ်ရှောင်တွေ ဝင်ရောက်မှု ပိုများလာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ပြောခွင့်ရ စောနန္ဒဆူးက ပြောပါတယ်။

 “ပစ်ခတ်မှုတွေလည်း ရှိနေတုန်းပဲ ။ ပြည်တွင်းမှာလည်း နယ်စပ်တလျှောက်မှာလည်း အခြေအနေတွေက မကောင်းသေးဘူး။ ထွက်ပြေးလာတဲ့သူက ပိုပိုပြီး များလာတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေကြောင့် မြန်မာဘက်ခြမ်းက ကျေးရွာနဲ့ တောတောင်တွေထဲမှာ ပိတ်မိနေတဲ့ စစ်ရှောင်တွေထံ သွားရောက် အကူအညီပေးဖို့ အခက်အခဲရှိနေပြီး၊ တချို့ ကျေးရွာတွေမှာ ဖုန်းလိုင်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာ ဖြစ်ပါတယ်။

KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ လေးကေကော်မြို့သစ် တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ၁၀၀၀၀ ကျော်ထိ ရှိလာပြီး၊ အခုအခါမှာတော့ စစ်ရှောင်တွေအတွက် အစားအသောက်နဲ့သောက်ရေကအစ လိုအပ်ချက်တွေ ရှိနေတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်ဘက်အခြမ်းမှာတော့ စစ်ဘေးရှောင် (၅၀၀၀)ဝန်းကျင်ရှိပြီး တိုက်ခိုက်မှုငြိမ်သက်သွားတဲ့အတွက် စစ်ဘေးရှောင် (၁၀၀၀)ဝန်းကျင်က နေရပ်ပြန်သွားပြီးလို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.