မော်လမြိုင် ၊ မတ် (၃၀)
စစ်အုပ်စုရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် သေနတ်မှန်ပြီး ဆေးကုသမှုခံယူနေရတဲ့ ပေါင်မြို့က ကိုမျိုးထိုက်ကို စစ်အုပ်စုက ညမထွက်ရအမိန့်ဖောက်ဖျက်မှုနှင့် အမှုဖွင့် တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ ရဲတပ်ဖွဲ့အဝန်းအဝိုင်းက သိရပါတယ်။
ပေါင်မြို့မှာ မတ်လ (၁၉)ရက်နေ့ ည(၁၁)နာရီခန့်က ကိုမျိုးထိုက်နှင့် အဖော်နှစ်ဦးဟာ အပြင်ထွက်သွားလာနေလို့ဆိုပြီး စစ်အုပ်စုက သေနတ်နှင့် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီလို ပစ်ခတ်လို့ တစ်ဦးက နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်တစ်ဦးက လက်မောင်းကို ကျည်ထိမှန်ခဲ့ပါတယ်။
ကိုမျိုးထိုက်ကတော့ ဝမ်းဗိုက်နှင့်ရင်ဘတ်ကို ကျည်ဖောက်ထွက်သွားလို့ စစ်ဆေးရုံမှာ အရေးပေါ် ဆေးကုသမှု ခံယူခဲ့ရပါတယ်။
လက်ရှိမှာတော့ ကိုမျိုးထိုက်ဟာ စစ်ဆေးရုံက ဆင်းပြီး အရပ်ဘက်ဆေးရုံတစ်ခုမှာ ကုသမှု ခံယူနေရတယ်လို့ အမည်မဖော်လိုတဲ့ ရဲဝန်ထမ်းတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါ့အပြင် စစ်အုပ်စုက ကိုမျိုးထိုက်ကို ညမထွက်ရအမိန့်ဖောက်ဖျက်မှုနှင့် အမှုဖွင့်တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့လည်း အဆိုပါ ရဲဝန်ထမ်းက ဆိုပါတယ်။
“ခုတော့ ကျန်နေတဲ့တစ်ဦးကို စစ်ဆေးရုံးကနေ ဆင်းပြီး ပြည်သူ့ဆေးရုံတစ်ခုမှာ တက်ရောက်ကုသနေတုန်းပဲ၊ သူ့ရဲ့ ကျန်းမာရေးအခြေအနေကတော့ ကောင်းပါတယ်။ သူ့ကို ညမထွက်ရအမိန့် ဖောက်ဖျက်တဲ့ အမှုနဲ့ တရားစွဲဖို့ လုပ်နေပါတယ်”လို့ အမည်မဖော်လိုတဲ့ ရဲဝန်ထမ်းက ပြောပါတယ်။
မွန်ပြည်နယ်အတွင်းမှာတော့ စစ်အုပ်စုရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ယနေ့အထိ ကျဆုံးသူ (၈) ဦး ရှိခဲ့ပြီး ဖြစ်ပါတယ်။
နိုင်ငံတဝှမ်းမှာတော့ မတ်လ(၂၉)ရက်နေ့အထိ ရရှိထားတဲ့စာရင်းတွေအရ စစ်အုပ်စုက အကြမ်းဖက်လို့ ကျဆုံးသူ (၅၁၀) အထိရှိခဲ့ပြီး အမှန်တကယ်ကျဆုံးခဲ့သူတွေဟာ ယခုစာရင်းထက်လည်း ပိုနိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောက်ရှောက်မှုအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်