မွန်ညီညွတ်ရေးပါတီမှ နှုတ်ထွက်ခဲ့သူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်လေးဦးဖြစ်တဲ့ ဒေါက်တာမင်းကြည်ဝင်း၊ ဒေါက်တာအောင်နိုင်ဦး၊ ဒေါက်တာမင်းစိုးလင်းနှင့် နိုင်မွန်ရာဇာပုံဖြစ်ပါတယ်။

မော်လမြိုင်၊ မတ် ၂၆

အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းခဲ့လို့ မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် (၁၅) ဦးအပါအဝင် ဗဟိုကော်မတီဝင်နှင့် မြို့နယ်အမှုဆောင် စုစုပေါင်း(၃၃) ဦး ဒီကနေ့မှာ ထပ်မံနှုတ်ထွက်ခဲ့ပါတယ်။

ယခုထပ်မံ နှုတ်ထွက်သူတွေထဲမှာ ဗဟိုတွဲဖက်အတွင်းရေးမှူး (၂) ဦး ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် (၁၃) ဦး ၊  ဗဟိုကော်မတီဝင် (၁၁) ဦးနှင့် မြို့နယ်အမှုဆောင် (၇) ဦးတို့ ပါဝင်ပါတယ်။

နှုတ်ထွက်ခဲ့သူတွေထဲမှာတော့ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရကိုယ်စားလှယ်ဖြစ်တဲ့ နိုင်မွန်ရာဇာလည်း ပါဝင်ပြီး အစောပိုင်းက အနိုင်ရကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာအောင်နိုင်ဦးလည်း နှုတ်ထွက်ခဲ့ပါသေးတယ်။

ယခုအကြိမ်နှုတ်ထွက်မှုတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အများဆုံးပါဝင်လာပြီး ထင်ရှားတဲ့ မွန်နိုင်ငံရေးသမားတွေဖြစ်တဲ့ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ် ဒေါက်တာမင်းကြည်ဝင်း၊ ဒေါက်တာမင်းစိုးလင်းတို့ပါ နှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၂၄) ရက်နေ့မှာလည်း ဗဟိုအလုပ်အမှုဆောင်တွေ အပါအဝင် ပါတီဝင် (၂၀) နီးပါး နှုတ်ထွက်ခဲ့ပါသေးတယ်။

လက်ရှိအချိန်ထိ ပါတီကနေ နှုတ်ထွက်သူ တစ်လအတွင်း (၅၀) နီးပါး ရှိပြီးဖြစ်လို့ ပေါင်းစည်းထားတဲ့ မွန်ညီညွတ်ရေးပါတီ ပြိုကွဲမှာကိုတောင် စိုးရိမ်မိတယ်လို့ မွန်နိုင်ငံရေးနှင့် နီးစပ်သူတွေက ဆိုပါတယ်။

မွန်ညီညွတ်ရေးပါတီအနေနှင့် အခုလို အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းမှုဟာ ပါတီရဲ့ မူဝါဒလမ်းစဉ်တွေနှင့် သွေဖယ်နေတယ်လို့ နှုတ်ထွက်ခဲ့သူတွေက နှုတ်ထွက်စာမှာ ဖော်ပြခဲ့ပါတယ်။

အခုလို ပါတီကနေ အမြောက်အများ နှုတ်ထွက်ကြတာနဲ့ ပတ်သက်ပြီး လာမယ့် CEC အစည်းအဝေးတွေမှာ ဆွေးနွေးဆုံးဖြတ်သွားဖို့ ရှိတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်တလညီက သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။

မွန်ညီညွတ်ရေးပါတီကတော့ စစ်ကောင်စီနှင့် ပူးပေါင်းပြီးတဲ့နောက် အခုချိန်ထိတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ အဖွဲ့ဝင်(၁)နေရာ ၊ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကော်မတီမှာ အဖွဲ့ဝင် (၁)နေရာယူပြီး လုပ်ငန်းတာဝန် ထမ်းဆောင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.