မော်လမြိုင် ၊ မတ် (၂၇)

အာဏာသိမ်းစစ်အုပ်စုက ဖမ်းဆီးထားတဲ့ သထုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်အား ရုံးထုတ်စစ်ဆေးမယ့်ရက်ကို နောက်နှစ်ပတ် ထပ်မံရွှေ့ဆိုင်းလိုက်ပါတယ်။

ဒေါ်မာမာခိုင်နဲ့ ၎င်းရဲ့အမျိုးသားကို စစ်အုပ်စုက ဖေဖော်ဝါရီလ(၂၅)ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပြီး ပုဒ်မ (၅၀၅)နှင့် အမှုဖွင့် တရားစွဲဆိုထားတာပါ။

၎င်းတို့နှစ်ဦးကို မတ်လ (၁၂) ရက်နေ့ နှင့် မတ်လ (၂၅)ရက်နေ့တို့မှာ ရုံးထုတ်စစ်ဆေးမယ်ဆိုပြီး အခုတခါ ရုံးထုတ်စစ်ဆေးမယ့်ရက်ကို နောက်နှစ်ပတ်အကြာဆိုပြီး ထပ်မံရွှေ့ဆိုင်းလိုက်ပါတယ်။

“အဲနေ့တုန်းက ညီမတို့ ၁၂ နာရီခွဲအထိစောင့်တယ်၊ ပထမက Video Conferencing နဲ့ ရုံးချိန်ပေးမယ်တဲ့ ၁၂ နာရီခွဲထိစောင့်တော့ အကျဉ်းထောင်ဘက်က ဒီ Video Conferencing နဲ့ လာမချိတ်ဘူးပေါ့နော်၊ ၂ နာရီခွဲလောက်မှ ဖြစ်မယ်ပြောတယ်၊ ညီမကလည်း စားစရာပို့ဖို့နဲ့ သူတို့ အမှုတွဲကူးခိုင်းထားတာတဲ့ဟာတွေ သွားပို့ဖို့ဆိုပြီးတော့ (ကျိုက်မရောအကျဉ်းထောင်)ကို သွားလိုက်တယ်၊ ပါဝါကိုတော့ ရုံးတင်သွားတယ်၊ ရုံးကတော့ ပါဝါတင်တာ လက်ခံတယ်၊ အဲဒီကို ရောက်‌လို့ စုံစမ်းတော့ သူတို့ဆီကို လူကြီးတွေလာနေလို့ဆိုပြီးတော့ သူတို့မနက်ပိုင်းမချိတ်ရဘူး၊ ၂ နာရီခွဲမှ ချိတ်ရတယ်၊ ပြီးတော့ ရုံးချိန်းကို နောက်ထပ် ၂ ပတ်ပြန်ချိန်းထားတယ်”လို့ ဒေါ်မာမာခိုင်ရဲ့ သမီးဖြစ်သူက ပြောပါတယ်။

ဒေါ်မာမာခိုင်ရဲ့ ရှေ့နေတွေ စုံးစမ်းရသလောက်တော့ ဒေါ်မာမာခိုင်ကို အထူးခုံရုံတင်ဖို့ စစ်အုပ်စုက စီစဉ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိတော့ ရှေ့နေတွေက ဒေါ်မာမာခိုင်နှင့် တွေ့ခွင့်ရဖို့ ကြိုးစားနေဆဲဖြစ်ပြီး စစ်အုပ်စုကတော့ တွေ့ခွင့်မပေးနေဘူးလို့ လိုက်ပါဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

“ညီမတို့ စုံစမ်းရသလောက်တော့ အထူးခုံရုံးတင်ဖို့ စီစဉ်နေတယ်လို့ကြားရတယ်၊ ဒါပေမယ့် သေချာမသိသေးဘူးပေါ့နော်၊ အဲလိုစစ်မယ်ဘာညာလုပ်မယ်ဆိုရင် ညီမတို့ဘက်က စစ်ဖို့ အဆင်‌မပြေဘူးလေ၊ ဘာကြောင့်လဲဆိုရင် သူတို့ ဦးဉာဏ်ထွန်းတို့နဲ့ မဆုံရသေးဘူးလေ၊ သူတို့ရဲ့ညွှန်ကြားချက်ကို ကျွန်မတို့ မယူရသေးဘူးလေ၊ သူတို့နဲ့တွေ့ပြီးမှ အမှုကို ညီမတို့ ထုချေပေးလို့ရမယ်လေ၊ အဓိက သူတို့နဲ့ တွေ့ခွင့်ရဖို့ ကြိုးစားနေတယ်၊ ကိုဗစ်ကာလ ဒုတိယလှိုင်းကတည်းက သူတို့ ဧည့်တွေ့ဖို့ လက်မခံဘူးပေါ့နော်၊ အခုလည်း လက်မခံသေးဘူးပေါ့၊ ဘယ်တော့တွေ့ရမယ်လို့ မပြောဘူး၊ အဲအမှုစစ်ရမယ်ဆိုရင် တွေ့ခွင့်ရမယ်လို့ပဲ ပြောတယ်”လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ ဝန်ကြီးချုပ်အပါအဝင် NLD ပါတီ ကိုယ်စားလှယ်တွေကို စစ်အုပ်စုက ပုဒ်မ (၅၀၅)နှင့် အမှုဖွင့် တရားစွဲဆိုထားပါတယ်။

လက်ရှိအချိန်ထိတော့ ဝန်ကြီးချုပ်နှင့်ဒေါ်မာမာခိုင်တို့က ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ကျန်သူတွေက ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.