မော်လမြိုင် ၊ မတ် (၂၅)
အာဏာသိမ်း စစ်ကောင်စီအား ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်မှုတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေ ရှိလာလို့ လူထုဟာ ပြောက်ကျားသပိတ်ကို ပြောင်းလဲ ဆင်နွှဲနေကြပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ အစောပိုင်းတုန်းကတော့ မွန်ပြည်နယ်အတွင်းက မြို့နယ်အားလုံးမှာ ထောင်သောင်းချီတဲ့ လူထုက လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
အဲ့ဒီလို ဆန္ဒဖော်ထုတ်မှုတွေကို စစ်အုပ်စုက အကြမ်းဖက် ဖြိုခွင်းလို့ ဖမ်းဆီးခံရသူတွေ ရှိသလို သေဆုံးသူကလည်း သုံးဦးထက်မနည်း ရှိခဲ့ပါတယ်။
မတ် လဆန်းပိုင်းကနေ အခုချိန်ထိတော့ မွန်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ လူထုအင်အား အမြောက်အများနှင့် လမ်းပေါ်ထွက်တဲ့အစား ကျေးရွာ ရပ်ကွက်တွေမှာ လူအင်အား အနည်းငယ်နှင့် ပြောက်ကျား သပိတ်တွေကို ဆင်နွှဲလာကြပါတယ်။
ဒါ့အပြင် လူမဲ့သပိတ် ၊ ဆိုင်ကယ်သပိတ် ၊ ပိုစတာသပိတ် ၊ အာရုဏ်ဦးသပိတ် ၊ ညသပိတ် အစရှိသဖြင့် နည်းလမ်းမျိုးစုံနှင့် စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့ကြပါတယ်။
“ဒီတိုက်ပွဲဟာ မပြီးဆုံးသေးဘူးပေါ့နော်။ ဘက်တစ်ဖက်ကနေ ဖိအားပေးမှု အရမ်းကြီးလာတဲ့အခါမှာ လူထူမနစ်နာသော နည်းလမ်းကိုရွေးချယ်ပြီးတော့ လုပ်နေကြတယ်ပေါ့။ လူထုလူတန်းလွှာအသီးသီးက ပါဝင်ဆောင်ရွက်နိုင်အောင်လို့ လူထုစည်းရုံးရေးနည်းလမ်းအသုံးပြုပြီးဆောင်ရွက်နေပါတယ်” သပိတ်စစ်ကြောင်းမှာ ပါဝင်သူတွေက ဆိုပါတယ်။
အခုလို ပြောက်ကျားသပိတ်ကို ပြောင်းလဲဆင်နွှဲပြီးတဲ့နောက် အကြမ်းဖက် ဖြိုခွင်းခံရမှု အနည်းငယ်သာ ရင်ဆိုင်ခဲ့ရပြီး လူထုကိုပေးချင်တဲ့ သတင်းစကားတွေ ထိထိရောက် ပေးနိုင်ခဲ့တယ်လို့ ဆန္ဒဖော်ထုတ်သူတွေက ပြောပါတယ်။
မွန်ပြည်နယ်တဝှမ်းက သပိတ်စစ်ကြောင်းတွေမှာ အကြမ်းဖက် ဖြိုခွင်းခံရလို့ ကျဆုံးခဲ့သူ (၃) ဦးရှိပြီး အခုချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံထားရသူက (၁၀၀) ဦးထက် မနည်း ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်