မော်လမြိုင် ၊ မတ် (၂၅)

အာဏာသိမ်း  စစ်ကောင်စီနှင့် ပူးပေါင်းခဲ့လို့ မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်တွေ အပါအဝင် ပါတီဝင် (၂၀) နီးပါး  မတ်လ (၂၄)ရက်နေ့က နှုတ်ထွက်ခဲ့ကြပါတယ်။

အခုလို နှုတ်ထွက်သူတွေထဲမှာ ဗဟိုအလုပ်အမှုဆောင် (၂) ဦး ၊ ဗဟိုကော်မတီဝင် (၃) ဦး နှင့် မြို့နယ်ကော်မတီဝင် (၁၅) ဦးကျော် ပါဝင်ပါတယ်။

မတ်လ(၁၅)ရက်နေ့မှာ ကျင်းပခဲ့တဲ့ မွန်ညီညွတ်ရေးပါတီရဲ့ အရေးပေါ်အစည်းအဝေးမှာ အကြမ်းဖက် စစ်ကောင်စီနဲ့ ပူးပေါင်းဖို့ ဗဟိုကော်မတီဝင် အများစု သဘောတူခဲ့ကြတာပါ။

နှုတ်ထွက်ခဲ့သူတွေကတော့ စစ်ကောင်စီနှင့် အခုလို ပူးပေါင်းတာဟာ ပါတီရဲ့မူဝါဒလမ်းစဉ်တစ်ခုဖြစ်တဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်သွားရမည်ဆိုတဲ့ အချက်နဲ့ ဆန့်ကျင်သွေဖယ်နေတယ်လို့ ဆိုပါတယ်။

 “ပါတီက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရဲ့ အုပ်ချုပ်ရေးမှာ ပါဝင်မှုဟာ ပါတီရဲ့ မူဝါဒလမ်းစဉ်တွေနှင့် သွေဖယ်နေလို့ လက်ခံနိုင်ခြင်း မရှိတာကြောင့် ပါတီဝင်အဖြစ်ကနေ နှုတ်ထွက်တာ”လို့ မွန်ညီညွတ်ရေးပါတီရဲ့ ဗဟိုအလုပ်မှုဆောင်တစ်ဦးဖြစ်တဲ့ မိကျေဝ်ကျေဝ်ညီက သူ့ရဲ့နှုတ်ထွက်စာမှာ ရေးသားထားပါတယ်။

အခုလို ပါတီဝင်အဖြစ်ကနေ နှုတ်ထွက်ခဲ့သူတွေနှင့် ပတ်သက်ပြီးတော့ CEC အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်သွားမယ်လို့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်တလညီက ပြောပါတယ်။

“ဗဟိုအမှုဆောင်ဝင်တွေ ပါတီဝင်တွေ နှုတ်ထွက်တာ စာတော့တွေ့တယ်ပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့ကျတော့ ဒီကြားထဲမှာ CEC အစည်းအဝေးမှာမှ ဆုံးဖြတ်ချက်ချလို့ရမှာပေါ့နော်။ ဒီကြားထဲမှာတော့ CEC အစည်းအဝေးရှိရင်တော့ ဒါကို ဆွေးနွေးမယ်ပေါ့နော်”လို့ ဆိုပါတယ်။

မွန်ညီညွတ်ရေးပါတီဟာ စစ်ကောင်စီနှင့် ပူးပေါင်းခဲ့လို့ ပါတီအတွင်း သဘောထားကွဲလွဲမှုတွေ ရှိခဲ့တဲ့အပြင် ပါတီထောက်ခံသူတွေကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချနေတာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိတော့ မွန်ညီညွတ်ရေးပါတီဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေဖြစ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ အဖွဲ့ဝင်(၁)နေရာ နှင့် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကော်မတီမှာ အဖွဲ့ဝင်(၁)နေရာယူပြီး လုပ်ငန်းတာဝန်တွေ ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.