မော်လမြိုင် ၊ မတ် (၁၈)

မော်လမြိုင်မြို့ရဲ့ ရပ်ကွက်အချို့ကို အဓိက ဖြန့်ဝေပေးနေတဲ့ ရွှေနတ်တောင်ဆည်ဟာ ရေစတင်ခမ်းခြောက်နေပြီးလို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

ရာသီဥတု ပူပြင်းလာတာနှင့်အတူ ရေခမ်းခြောက်လာတာကြောင့် ရေလှောင်ကန်ထဲကို ရေမဝင်တော့လို့ ပိုက်နှင့်စုပ်ပြီး ရေတင်နေရတယ်လို့ စည်ပင်က ဆိုပါတယ်။

“Intake level ရဲ့ အောက်ကို ရောက်သွားပြီဆိုတော့ intake ထဲကို ရေမဝင်တော့ဘူး အဲတော့ ကျွန်တော်တို့က ဆည်ရဲ့အလယ်က ရေကို စုပ်တင်ပြီးတော့ ပိုက်နဲ့တစ်ဆင့် intake ထဲကို ပြန်မောင်းထည့်ပေးနေရတယ်”လို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောပါတယ်။

ဒါကြောင့် ရွှေနတ်တောင်ဆည်မှ ရေအသုံးပြုမှုကို လျှော့ချပြီး အဲ့ဒီအစား အတ္ထရံမြစ်ရေတင်စီမံကိန်းမှ ရေတွေကို ပိုမိုထုတ်ယူပြီး ဖြန့်ဝေပေးသွားမယ်လို့ ဆိုပါတယ်။

“အခုလောလောဆယ်တော့ ရွှေနတ်တောင်ဆည်ကနေ ရသလောက်ထုတ်မယ်ပေါ့။ ထူတ်မယ် နောက်ပြီးတော့ ကန်သုံးကန်ကို တင်မယ့် ပိုက်လိုင်းပေါ့။ အတ္တရံမြစ်ရေကနေ တင်မယ့် ပိုက်လိုင်းကို အရေးပေါ်လုပ်နေတယ်။ ပိုက်လိုင်းပြီးသွားရင်တော့ ကန်သုံးကန်ကို ရေအားဖြည့်ပေးနိုင်ရင် ရွှေနတ်တောင် က ရေယူတာကို ပြန်လျော့မယ်။ ကန်သုံးကန်က ရေကို မြို့ထဲဘက်ကိုပေးမယ်။ အတ္တရံမြစ်ရေတင်က ရေကို တိုးတိုးပြီးတော့ ပေးမယ်”လို့ ဦးတင်ကိုကိုက ပြောပါတယ်။

အတ္ထရံမြစ်ရေတင် စီမံကိန်းဟာ တစ်ရက်ကို သောက်သုံးရေ (၄၃) ဂါလန်အထိ ထုတ်လုပ်နိုင်တဲ့အတွက် မော်လမြိုင်မြို့နေလူထုအတွက် လုံလောက်တဲ့ ရေပမာဏကို ဖြန့်ဝေပေးနိုင်မယ်လို့ စည်ပင်က ပြောဆိုထားပါတယ်။

တွင်းရေခမ်းသည့် ရပ်ကွက်များကို ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအဖွဲ့က သောက်သုံးရေ ဖြန့်ဝေပေးနေတာ ဖြစ်ပါတယ်။

ရွှေနတ်တောင်ဆည်မှ ရေကို တိုက်ရိုက်အနေနဲ့ သီရီမင်္ဂလာ၊ သီရီမြိုင်၊ ကျောက်တန်း၊ မုပွန်ကွက်သစ်၊ စမ်းကြီး၊ ဈေးကြိုရပ်ကွက်တို့ကို ဖြန့်ဝေပေးနေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ မော်လမြိုင်မြို့ပေါ် ရပ်ကွက်အချို့နှင့် စမ်းကြီးရပ်ကွက်တို့မှာ တွင်းရေတွေ ခမ်းခြောက်လာတဲ့အတွက် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သောက်သုံးရေတွေ ဖြန့်ဝေပေးနေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.