မော်လမြိုင် ၊ မတ် (၁၈)
အာဏာသိမ်းစစ်အုပ်စုက ဖမ်းဆီးထားတဲ့ သထုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်နှင့် ၎င်းရဲ့ အမျိုးသားကို မတ်လ (၂၅)ရက်နေ့မှာ ရုံးထုတ်စစ်ဆေးမယ်လို့ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။
ဒေါ်မာမာခိုင်နှင့် ၎င်းရဲ့အမျိုးသားကို ဖေဖော်ဝါရီလ (၂၅)ရက်နေ့မှာ စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီလို ထိန်းသိမ်းပြီးနောက် ဒေါ်မာမာခိုင်ကိုတော့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)၊ (ခ) နှင့် အမှုဖွင့်ထားသလို ၎င်းရဲ့အမျိုးသား ဦးဉာဏ်ထွန်းကိုလည်း ပုဒ်မ ၅၀၅ (က)နှင့် ထွေအုပ်က တရားစွဲဆိုထားပါတယ်။
သူတို့နှစ်ဦးကို မတ်လ (၁၁)ရက်နေ့မှာ video call နှင့် ရုံးထုတ်ဖို့ ကနဦး ချိန်းဆိုထားပေမယ့် တရားရုံးက ရုံးထုတ်စစ်ဆေးမယ့်ရက်ကို မတ်လ (၂၅)ရက်နေ့ကို ပြောင်းရွှေ့ခဲ့တယ်လို့ ရှေ့နေတွေက ပြောပါတယ်။
“၁၁ ရက်နေ့မှာ သူတို့ကို Video Conferencing နဲ့ ရုံးချိန်လို့ သိထားရတယ်၊ ရုံးတော့ မထုတ်ဖြစ်ဘူးပေါ့နော်၊ ရုံးချိန်းက ၂၅ ရက်နေ့ ချိန်းထားတယ်၊ ကျွန်မတို့က ဦးဉာဏ်ထွန်းကိုရော၊ ဒေါ်မာမာခိုင်ကိုရော တွေ့ခွင့်မရသေးဘူးဆိုတော့လေ၊ ဒေါ်မာမာခိုင်ကတော့ သူနဂိုကတည်းကပြောထားတာကတော့ ရုံးကိုတင်ပြထားတာတော့ သူကိုယ်တိုင် ထုချေမယ်လို့တော့ တင်ပြထားတာပေါ့၊ ညီမတို့ တရားရုံးမှာ စုံစမ်းသိရှိရသလောက်ကတော့ ကျိုက်မရောမှာ နှစ်ယောက်လုံး အတူတူပဲရှိတယ်ကြားတယ်”လို့ ဆိုပါတယ်။
ဒေါ်မာမာခိုင်ကတော့ သူ့ကိုစွဲဆိုထားတဲ့အမှုအပေါ် ကိုယ်တိုင်ထုချေလွှာ တင်သွားမှာဖြစ်ပြီး ၎င်းရဲ့အမျိုးသားအတွက်တော့ ဝါရင့်ရှေ့နေတွေက လိုက်ပါ ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
ဒေါ်မာမာခိုင်နည်းတူ မွန်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာအေးဇံကိုလည်း ရုံးထုတ်စစ်ဆေးမယ်လို့ ကြားသိရပေမယ့် လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေတွေနှင့်တော့ သံလွင်တိုင်းမ်က ဆက်သွယ်လို့ မရသေးပါဘူး။
မွန်ပြည်နယ်အတွင်းမှာတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံ အပါအဝင် NLD ပါတီ ကိုယ်စားလှယ်တွေနှင့် တက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီရဲ့ ဘက်တော်သားတွေက တရားစွဲဆို အမှုဖွင့်ထားလို့ အများစုက ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောက်ရှောက်မှုအသင်း (AAPP)က ရရှိထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီလ (၁)ရက်နေ့ကနေ မတ်လ (၁၆)ရက်နေ့အထိ နိုင်ငံတဝှမ်းမှာ စစ်ကောင်စီကို ဆန့်ကျင်လို့ ဖမ်းဆီပြီး တရားစွဲဆိုခံထားရသူနှင့် ပြစ်ဒဏ်ချခံရသူ စုစုပေါင်း (၁၈၆၂) ဦး ရှိပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
သတင်း – သံလွင်တိုင်းမ်