မော်လမြိုင် ၊ မတ် (၁၇)

ည(၈)နာရီနောက်ပိုင်းမှာ အရေးပေါ်လူနာကို ဆေးရုံပို့ဆောင်ပေးခဲ့လို့ ကျိုက္ခမီမြို့က ပရဟိတ စေတနာ့ဝန်ထမ်း(၂)ဦးကို စစ်အုပ်စုက တရားစွဲပြီး ထောင်ဒဏ်(၁)လ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

မတ်လ (၁၀)ရက်နေ့ ညပိုင်းမှာ ကျိုက္ခမီမြို့က ဟိတကာရီအသင်း စေတနာဝန်ထမ်း နှစ်ဦးဖြစ်သည့် ကိုအောင်နိုင်စိုး နှင့် ကိုအောင်လင်းထက်တို့ဟာ ပိုးထိလူနာ(၁)ဦးကို မော်လမြိုင် ကုတင် ၃၀၀ စစ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြတာပါ။

စစ်ဆေးရုံကို ပို့ဆောင်ပြီး နေရပ်ပြန်ချိန်မှာတော့ ည(၈)နာရီ ကျော်နေပြီးဖြစ်ကာ ကျိုက္ခမီမြို့အဝင်မှာ လူနာတင်ယာဉ်ကို ဆီဖြည့်နေစဉ် စစ်ကားတွေ ရောက်လာပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

မတ်လ (၁၆)ရက်နေ့မှာတော့ အဆိုပါ စေတနာဝန်ထမ်းနှစ်ဦးအား နိုင်ငံတော်က ချမှတ်တဲ့ အမိန့်ညွှန်ကြားချက်တွေကို မလိုက်နာလို့ဆိုပြီး ပုဒ်မ (၁၈၈)နှင့် စစ်အုပ်စုက တရားစွဲဆိုပြီး ထောင်ဒဏ်တစ်လ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ ဒီအရေးကို လိုက်ပါဆောင်ရွက်ပေးနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူတို့က မော်လမြိုင်ကို လူနာပို့တာ စစ်ဆေးရုံကို လူနာပို့ပြီး အပြန် ကျိုက္ခမီ မြို့မဝင်ခင် ရမာန်ဆိုတဲ့ ဆီဆိုင်မှာ ဆီထည့်နေတဲ့အချိန် စစ်ကားတွေနဲ့ ရောက်လာပြီး ဘာမှ မမေးမြန်းဘဲ ဆွဲတင်သွားကြတာ။ လူနာတင်ယာဉ်တွေက ဒီအတိုင်းပဲ လူနှစ်ယောက်ကိုပဲ ဆွဲတင်သွားတာ အဲဒါက ၁၀ရက်နေ့။ အမိန့်ချ လိုက်တာက ၁၆ရက် မနေ့ကပေါ့”လို့ သံဖြူဇရပ်မြို့ နာရေးကူညီမှုအသင်း၏ လူနာတင်ယာဉ်တာဝန်ခံ ဦးကျော်ဝင်းက ပြောပါတယ်။

အမိန့်ချမှတ်ပြီးသည်နှင့် အဆိုပါ စေတနာဝန်ထမ်း(၂)ဦးကို မော်လမြိုင်အကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ ဆိုပါတယ်။

အခုလို ညမထွက်ရအမိန့်တွေ ထုတ်ပြန်ထားပြီး ဖမ်းဆီးအရေးယူမှုတွေ ရှိနေတဲ့အတွက် မော်လမြိုင်မြို့က လူမှုကယ်ဆယ်ရေးအဖွဲ့တွေကတော့ ည(၈)နာရီနောက်ပိုင်း ဆောင်ရွက်တဲ့ လုပ်ငန်းတွေကို ရပ်နားလိုက်ပြီးလို့ ဆိုပါတယ်။

အခုလို အခြေအနေတွေကြောင့်  ညနက်ပိုင်း အရေးပေါ်လူနာတချို့အား ဆေးရုံကို အချိန်မှီ မပို့ဆောင်ပေးနိုင်တော့ဘူးလို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.