သထုံ ၊ မတ် (၁၇)

အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်လို့ သထုံမြို့နယ်အတွင်းမှာ တရားစွဲဆိုခံထားရသူ (၁၆) ဦးထက်မနည်း ရှိတယ်လို့ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။

အဲ့ဒီအထဲမှာ နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ (၅၀၅) က နှင့် တရားစွဲဆို ခံထားရသူတွေ ပါဝင်သလို နိုင်ငံတော်က ထုတ်ပြန်တဲ့ အမိန့်ညွှန်ကြားချက်တွေကို မလိုက်နာလို့ ပုဒ်မ (၁၈၈) နှင့် တရားစွဲဆိုခံထားရသူတွေလည်း ပါဝင်နေပါတယ်။

ပုဒ်မ (၅၀၅) ကနှင့် တရားစွဲဆိုခံထားရသူတွေကိုတော့ ဒီကနေ့မှာ ရုံးတင်စစ်ဆေးမှာဖြစ်ပြီး ပုဒ်မ (၁၈၈)နှင့် တရားစွဲဆိုခံထားရသူတွေက မတ်လ (၃၀)ရက်နေ့မှာ ရုံးတင် စစ်ဆေးမှာ ဖြစ်တယ်လို့ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။

” (၅၀၅) က ကိုတော့ ဒီနေ့အမှုစွဲတင်မယ်လို့ကြားတယ်၊ ညီမတို့ အဲဒီမှာ ကူညီပေးဖို့တော့ ရှိနေတာပေါ့၊ ပုဒ်မ (၁၈၈)နဲ့ အမှုဖွင့်ခံရတဲ့သူတွေကတော့ မနေ့က ရုံးချိန်း၊ မနေ့က အမှုမစစ်ဖြစ်ဘူး၊ မတ်လ(၃၀)ရက်နေ့ကို ပြန်ချိန်းထားလိုက်တယ်”လို့ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေက ပြောပါတယ်။

 ပုဒ်မ (၁၈၈)နှင့် တရားစွဲဆိုခံထားရသူတွေကိုတော့ အာမခံပေးထားတယ်လို့ ဆိုပါတယ်။

ဆန္ဒဖော်ထုတ်သူတွေကို အခုလို ဖမ်းဆီးအရေးယူမှုတွေ ရှိနေတဲ့အတွက် မွန်ပြည်နယ်အတွင်းက လူငယ်တွေဟာ အင်အား အမြောက်အများနှင့် လမ်းပေါ်မထွက်တော့ဘဲ အင်အားအနည်းငယ်စီဖြင့် ပြောက်ကျားသပိတ်ကို ပြောင်းလဲ ဆင်နွှဲလာကြပါတယ်။

နိုင်ငံရေးအကျဉ်းသားကူညီစောက်ရှောက်မှုအသင်းက ရရှိထားတဲ့ စာရင်းဇယားတွေအရတော့ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၁၆ရက်နေ့အထိ နိုင်ငံတဝှမ်းက စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ကျဆုံးသွားသူ (၂၀၂) ဦး အနည်းဆုံး ရှိပြီး တရားစွဲဆိုခံထားရသူနှင့် ပြစ်ဒဏ်ချခံထားရသူကတော့ (၁၈၆၂) ဦး ရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.