မော်လမြိုင် ၊ မတ် (၁၆)

အာဏာသိမ်း စစ်တပ်က ဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ ဆက်လက်ပါဝင်ဖို့ မွန်ညီညွတ်ရေးပါတီ ဗဟိုကော်မတီဝင် အများစုက သဘောတူခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ကို ဖေဖော်ဝါရီလ (၁၅)ရက်နေ့ သံဖြူဇရပ်မြို့မှာ ကျင်းပခဲ့တဲ့ ဗဟိုကော်မတီအရေးပေါ် အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ခဲ့တာပါ။

ဒီအစည်းအဝေးကို တက်ရောက်ခွင့်ရှိတဲ့ ဗဟိုကော်မတီဝင် (၉၀) ဦးအနက် ၄ ဦးက ပျက်ကွက်ခဲ့ပြီး နစကမှာ ဆက်လက်ပါဝင်ဖို့ကိစ္စကို မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူ (၆၀) ဦး နှင့် ကန့်ကွက်သူ (၂၆) ဦး ရှိခဲ့ပါတယ်။

“ဒီအရေးပေါ်အစည်းအဝေးကတော့ ကျွန်တော်တို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ရက်က ကျွန်တော်တို့ ပါတီကနေပြီးတော့ နစကပေါ့နော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ တစ်ယောက်ပါဝင်ဖို့ သက်ဆိုင်ရာက ကမ်းလှမ်းချက်ကို ကျွန်​တော်တို့ပါတီက သဘောတူတဲ့ အချက်ကို ပြန်ဆွေးနွေးတာပေါ့နော်။ ပြန်ဆွေးနွေးတော့ ဗဟိုကော်မတီ အများစုက CEC ရဲ့ ဆုံးဖြတ်ချက်ကို သဘောတူတယ်တယ်ဆိုတဲ့သဘောရတာပေါ့နော်”ဟု မွန်ညီညွတ်ရေး ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်တလညီက ပြောပါတယ်။

နစကမှာ ပါဝင်ဖို့ မွန်ညီညွတ်ရေးပါတီက တာဝန်ပေးအပ်ထားတဲ့  ဒေါက်တာဗညားအောင်မိုးကိုတော့ လက်ရှိအချိန်ထိ စစ်ကောင်စီက တရားဝင်ခန့်အပ်ခြင်း မရှိသေးပါဘူး။

ဒါပေမယ့် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်အဖြစ်တော့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမကို စစ်ကောင်စီက ခန့်အပ်ခဲ့ပါတယ်။

အခုလို စစ်ကောင်စီမှာ ပါဝင်တာနဲ့ပတ်သက်ပြီး ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကတော့ နိုင်ငံရေး အတွေ့အကြုံတွေအရ ထိပ်တိုက်ရင်ဆိုင်တဲ့ လမ်းကြောင်းကို လျှောက်မယ်ဆိုရင် အသက်သွေးကြောင်းစီးတဲ့ ဖြစ်ရပ်တွေ ရှိနိုင်တာကြောင့် တွေ့ဆုံဆွေးနွေးတဲ့ လမ်းကြောင်းကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တာလို ပြောဆိုထားကြပါတယ်။

ဒီဆုံးဖြတ်ချက်ကို လက်မခံနိုင်လို့ အချို့လွှတ်တော်ကိုယ်စားလှယ်တွေက ပါတီဝင်အဖြစ်ကနေ နှုတ်ထွက်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.