မော်လမြိုင် ၊ မတ် (၁၆)
စစ်တပ်ရဲ့ ဖိအားပေးခြိမ်းခြောက်မှုတွေ ရှိပေမယ့် သထုံခရိုင်က ကျန်းမာရေးဝန်ထမ်းတွေဟာ CDM မှာ ဆက်လက်ပါဝင်တဲ့အနေနှင့် ဝန်ထမ်းအိမ်ယာကနေ ဒီကနေ့မှာ ရွှေ့ပြောင်းပေးခဲ့ကြပါတယ်။
သထုံခရိုင် ပြည်သူ့ဆေးရုံက ကျန်းမာရေးဝန်ထမ်းအများစုဟာ အာဏာသိမ်း စစ်ကောင်စီလက်အောက်မှာ လုပ်ငန်းတာဝန်မထမ်းဆောင်သည့် အာဏာဖီဆန်တဲ့ လှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့ကြတာပါ။
မတ်လ (၁၅)ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်တပ်တာဝန်ရှိသူတွေနှင့်ရဲတွေက ဝန်ထမ်းအိမ်ယာကို ရောက်ရှိလာပြီး ဝန်ထမ်းတွေကို CDM မှာ မပါဘဲ တာဝန်ထမ်းဆောင်ဖို့နဲ့ ဆက်လက်ပြီး CDM မှာ ပါဝင်နေမယ်ဆိုရင် တစ်ရက်အတွင်း ဝန်ထမ်းအိမ်ယာကနေ ရွှေ့ပြောင်းပေးဖို့ ဖိအားပေး ခြိမ်းခြောက်ခဲ့ပါတယ်။
ဒါကြောင့် ဒီကနေ့ မနက်ပိုင်းမှာ ကျန်းမာရေးဝန်ထမ်းအများစုက ဝန်ထမ်းအိမ်ယာကနေ ရွှေ့ပြောင်းပေးခဲ့ကြပြီး စစ်ကောင်စီကို ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာ အဆုံးထိ ပါဝင်သွားမယ်လို့ ဆိုပါတယ်။
“အချိန်တစ်ရက်ပဲပေးမယ်လို့ မနေ့ကလာပြောသွားတယ်၊ ဒီနေ့တစ်ရက်ပဲပေးမယ်၊ လာပြောတဲ့သူက တပ်က ဗိုလ်မှူးလားမသိဘူး နာမည်တော့ မသိဘူးရှင့်၊ ဗိုလ်မှူးပဲပြောတယ်။ နောက်နေ့မှ လာမယူဘူးဆိုရင် ပစ္စည်းတွေအကုန်လုံးကို အဆောင်ရှေ့ကနေပြီးတော့ ပုံချထားပေးမယ်၊ ဂျူတီပြန်မဆင်းရင် ဒီကနေဖယ်ပေးရမယ်၊ နောက်လူတွေလာလို့ရှိရင် နေစရာမရှိမှာ စိုးလို့ပေါ့နော်၊ အဲဒါကြောင့်မို့ နေရာကနေ အကုန်ရွှေ့ပေးကြတယ်၊ ဂျုတီကတော့ ပြန်မဆင်းဘူးလေ၊ အဆုံးထိပဲ CDM လုပ်ကြမှာဆိုတော့”လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မတ်လ (၁၅)ရက်နေ့ ညနက်ပိုင်းမှာလည်း CDM မှာ ပါဝင်နေတဲ့ အမျိုးသမီး ကျန်းမာရေးဝန်းထမ်းနှစ်ဦးကိုလည်း တပ်က ဖမ်းဆီးခဲ့ပြီး CDM မှာ ဆက်လက် မပါဝင်ဖို့ ခြိမ်းခြောက်ခဲ့ကြတယ်လို့ ဖမ်းဆီးခံရသူနှင့် နီးစပ်သူတွေက ဆိုပါတယ်။
“ကျွန်မတို့ဆီက အငယ်တန်းဝန်ထမ်းအလုပ်သမားနှစ်ယောက် မိန်းကလေးနှစ်ယောက်ကို သူတို့ဖမ်းသွားတယ်၊ ည ၁၁ နာရီ ၁၅ လောက်မှာ အိမ်ကိုလာဝိုင်းပြီးတော့ ၁ နာရီမထိုးခင်လောက်မှာ သူတို့ခေါ်သွားတယ်။အဲဒီမှာ မှတ်ပုံတင်နံပါတ်တို့ အိမ်ထောင်စု နံပါတ်တို့ သူတို့ ဓါတ်ပုံရိုက်ပြီးတော့ ယူထားတယ်၊ အဲဒီအမနှစ်ယောက်ကို ဖမ်းသွားတယ်၊ သူတို့မေးတယ်၊ အဲနေရာကနေ ရွေ့ပေးတာကလည်း ဘယ်သူပို့ပေးတာလဲ၊ ဘယ်သူတွေ စီစဉ်ပေးတာလဲပေါ့၊ အလုပ်ပြန်ဆင်းမယ်လို့ ပြောမှ ပြန်လွှတ်ပေးလိုက်တယ်။နောက်လူတွေကိုလည်း လိုက်ဖမ်းမယ်၊ ဘယ်သူတွေ ဘယ်နေရာမှာ နေလဲဆိုတာ သူတို့သိတယ်ပေါ့နော်၊အဲလိုမျိုးသူတို့ပြောတယ်”လို့ ဖမ်းဆီးခံရသူတွေနှင့် နီးစပ်တဲ့ အသိုင်းအဝိုင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မွန်ပြည်နယ်က ကျန်းမာရေးဝန်ထမ်းအများစုဟာ CDM မှာ ပါဝင်ခဲ့လို့ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးအပါအဝင် ဆေးရုံအများစုရဲ့ လုပ်ငန်းတွေ ရပ်နားထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်