မော်လမြိုင်၊ မတ် (၁)

အာဏာသိမ်း စစ်ကောင်စီက ခန့်အပ်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း ဒီကနေ့ နေ့လည်ပိုင်းမှာ သီရိမြိုင်ရပ်ကွက်အတွင်း နေထိုင်သူတွေက ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ရပ်ကွက်အတွင်း နေထိုင်သူတွေက ကြိုးနှင့်တား ပိတ်ထားပြီး သူတို့ရဲ့ ဆန္ဒသဘောထားတွေကိုလည်း ရေးသားထားပါတယ်။

အဲ့ဒီအထဲမှာ “စစ်ကောင်စီမှ ခန့်အပ်ထားသော မည်သည်အုပ်ချုပ်ရေးမှူးကိုမှ လက်မခံပါ”၊ “အရှက်မရှိရင် ရုံးပေါ်တက်”၊ “ပြည်သူတင်မြောက်သော အုပ်ချုပ်ရေးမှူး အလိုရှိ”၊ အစရှိတာတွေ ပါဝင်ပါတယ်။

ရပ်ကွက်က ရွေးချယ်ထားသူမဟုတ်ဘဲ စစ်ကောင်စီက ခန့်အပ်ထားသူရှိရင် လုံးဝ လက်ခံမှာ မဟုတ်ဘူးလို့ ရပ်ကွက်အတွင်း နေထိုင်သူတွေက ပြောပါတယ်။

” ကျွန်တော်တို့ရပ်ကွက်ထဲက လူတွေ ရွေးချယ်တင်မြောက်ထားတဲ့လူ မဟုတ်ဘဲနဲ့ စစ်ကောင်စီက ခန့်အပ်တဲ့ ရာထူးအာဏာကို လက်ခံပြီးတော့ ရပ်ကွက်က ထိုင်ခုံမှာ ဝင်အုပ်ချုပ်မယ်ဆိုတဲ့သူ မည်သူမဆို တစ်ဦးတစ်ယောက်မှ လက်မခံပါဘူး”လို့ ဆိုပါတယ်။

အလားတူ စစ်ကဲကုန်းရပ်ကွက်တွင်လည်း စစ်ကောင်စီက ရွေးချယ်ထားတဲ့ အုပ်ချုပ်ရေးမှူးကို လက်မခံကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ရပ်ကွက်နေပြည်သူတွေက ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

“အရင် ပြည်သူရွေးချယ်တဲ့ အုပ်ချုပ်ရေးမှူးကိုပဲ လိုလားတယ်။ လက်ခံနိုင်မယ်။ စစ်ကောင်စီအုပ်ချုပ်နေသရွေ့ ဘယ်အုပ်ချုပ်ရေးမှူးမှ လက်မခံနိုင်ပါဘူး”လို့ စစ်ကဲကုန်းရပ်ကွက်နေ ပြည်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက် တာဝန်မထမ်းဆောင်ချင်လို့ဆိုပြီး မော်လမြိုင်မြို့နယ်အတွင်းက ရပ်ကျေး အုပ်ချုပ်ရေးမှူး (၁၃)ဦးဟာ ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှာ နှုတ်ထွက်ခဲ့ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.