သတင်းဓါတ်ပုံ ရိုက်ကူးသူတွေကို ရဲတပ်ဖွဲ့က ချိန်ရွယ် ပစ်ခတ်ခဲ့သည်။

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၈)

ဖေဖော်ဝါရီလ (၂၈)ရက်နေ့ အာဏာသိမ်း စစ်ကောင်စီ ဆန့်ကျင်ကြောင်း မော်လမြိုင်မြို့ ဆန္ဒဖော်ထုတ်ပွဲအား မှတ်တမ်းယူနေသူတွေကို ရဲတပ်ဖွဲ့က ပစ်မှတ်ထား အကြမ်းဖက်ခဲ့ပါတယ်။

ဆန္ဒဖော်ထုတ်ပွဲအား မြေမြင်သတင်းရယူနေတဲ့ သတင်းထောက်တွေ ၊ မှတ်တမ်းဓာတ်ပုံ ရိုက်သူတွေနဲ့ နေအိမ်ကနေ ဖုန်းနှင့်မှတ်တမ်းရိုက်တဲ့ ပြည်သူတွေကိုပါ အကြမ်းဖက်ခဲ့တာ ဖြစ်ပါတယ်။

မော်လမြိုင်မြို့က စစ်ကြောင်းတွေ မပူးပေါင်းနိုင်အောင် ရဲတပ်ဖွဲ့က နည်းမျိုးစုံနဲ့ ဖြိုခွင်းခဲ့ပြီး ရာဘာကျည် ၊ မျက်ရည်ယိုဗုံး ၊အသံမိုင်းတွေ အပါအဝင် ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့လို့ ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။

ဒီဖြစ်စဉ်တွေကို နေအိမ်ကနေ မှတ်တမ်းယူနေတဲ့ ပြည်သူတွေကို ဖုန်းနဲ့မရိုက်ဖို့ ရဲက ခြိမ်းခြောက်ပြီး လောက်လေးဂွတွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ကြုံတွေ့သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဟိုဘက်ကနေ ဆင်းလာလို့ အိမ်ပေါ်ကနေ ရိုက်တယ် ၊ ဖုန်းနဲ့ ထောင်ပြီး ရိုက်တာကို ဓာတ်ပုံ မရိုက်နဲ့ မရိုက်နဲ့လို အော်ပြောတယ်။လမ်းမှာရှိတဲ့ ခဲတွေကိုယူပြီး လေးဂွတွေနဲ့လည်း ပစ်သွားတယ်”လို့ ဆိုပါတယ်။

အကြမ်းဖက် ဖြိုခွင်းလို့ ဆန္ဒဖော်ထုတ်သူတွေ ထွက်ပြေးခဲ့ရပါတယ်။

ဒါ့အပြင် မြေပြင်သတင်းရယူနေတဲ့ သတင်းထောက်တွေကိုလည်း ဖမ်းဆီးဖို့ ရဲက ကြိုးစားခဲ့ပါသေးတယ်။

သတင်းဓာတ်ပုံရိုက်ကူးသူတွေကိုလည်း ရဲတပ်ဖွဲ့က ရာဘာကြည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ကြုံတွေ့သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့အဖွဲ့မှာဆို တစ်ယောက်က ခေါင်းကို ရာဘာကျည်နဲ့ ပစ်ခံထိတယ်။ တစ်ယောက်ကတော့ ရဲတွေ ဝိုင်းထားလို့ ပုန်းနေရတယ်။ ခုနကမှ ထွက်လာရတယ်”လို့ မြေပြင်သတင်းဓာတ်ပုံ ရိုက်ကူးသူတွေက ပြောပါတယ်။

ဒီကနေ့ ဆန္ဒဖော်ထုတ်ပွဲကို အကြမ်းဖက် ဖြိုခွင်းလို့ ဒဏ်ရာရသူ (၃၀) ဦးထက်မနည်းရှိပြီး ဖမ်းဆီးခံရသူတွေလည်း အမြောက်အများ ရှိတယ်လို့ မျက်မြင်တွေ့ခဲ့သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.