မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၈)

ဖေဖော်ဝါရီလ (၁)ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်းမှာ စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုတွေ ရှိလာတဲ့အတွက် အခြေခံစာသောက်ကုန်စျေးနှုန်းတွေ မြင့်တက်လာနေပါတယ်။

အခုလို ဆန္ဒဖော်ထုတ်မှုတွေနေရာအနှံ့ ရှိလာတဲ့အတွက် ပြည်သူတချို့က စိုးရိမ်စိတ်တွေ မြင့်တက်ပြီး စားသောက်ကုန်တွေကို ဝယ်ယူစုဆောင်းခဲ့ကြတာပါ။

အခုလို အခြေအနေတွေကြောင့် စားသောက်ကုန်တချို့ဟာ စျေးကွက်မှာ ပြတ်လတ်သွားပြီး သယ်ယူပို့ဆောင်ရေး အခက်အခဲတွေကြောင့် စျေနှုန်းတွေ မြင့်တက်လာတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

စာသုံးဆီ စျေးနှုန်းကလည်း အာဏာမသိမ်းခင်မှာ တစ်ပိဿာ ကျပ်(၂၄၀၀) ရှိရာမှ အာဏာသိမ်းပြီး နောက်မှာတော့ တစ်ပိဿာ ကျပ် (၂၉၀၀)ထိ မြင့်တက်ခဲ့တယ်လို့ ဆီကုန်သည်တွေက ပြောပါတယ်။

“တပ်မတော်အာဏာသိမ်ပြီးကတည်းက စားသုံးဆီစျေးက မိုးပေါ်ရောက်သွားတယ်၊ ကျွန်မတို့ကလည်း ဆီကန်တွေက ဖွင့်တဲ့စျေးနဲ့ ဝယ်ရတယ်။ ကျွန်မတို့မှာ ဆီမရှိလို့မရဘူး မရှိရင် စားသုံးသူတွေ ဒုက္ခရောက်မှာပေါ့ သူတို့ဖွင့်တဲ့စျေးကိုပဲ ကျွန်မတို့က ဝယ်ပြီးတော့ ပြန်ဖြန့်ရတာပေါ့ ပြည်သူတွေကလည်း စျေး ကြီးကြီးပေးဝယ်နေရတာပေါ့” လို့ ဆီကုန်သည် ဒေါ်စန်းဌေးက ပြောပါတယ်။

ဒါ့အပြင် ဆန်စျေးနှုန်းကလည်း အမျိုးအစားအပေါ် မူတည်ပြီးတော့မှ ကျပ် (၂၀၀၀)ကနေ (၃၀၀၀) အထိ မြင့်တက်ခဲ့တယ်လို့ ဆန်ကုန်သည်တွေက ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် ပြည်သူတွေက ဆန်တွေကို အလုအယက် ဝယ်ယူစုဆောင်းခဲ့တဲ့အတွက် စျေးကွက်မှာ ဆန်ပြတ်လတ်တဲ့အထိ ဖြစ်ခဲ့တယ်လို့ မွန်ပြည်နယ် ဆန်ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးတင်မြင့်ဦးက ပြောပါတယ်။

“လူတွေက စိုးရိမ်စိတ်နဲ့ ဝယ်ကြပြုကြတယ် ပုံမှန် ဆန်ကို ၄/၅/၆ ပြည်လောက်ဝယ်စားတဲ့လူတွေက အိတ်နဲ့ ဝယ်ကြတော့ စျေးကွက်မှာတော့ နည်းနည်း ယောက်ယက်ခတ်သွားတယ်။ နောက်တစ်ခါ တစ်နယ်နဲ့တစ်နယ် ကျွန်တော်တို့ဘက်ကိုလာတဲ့ ရွှေဘို ပေါ်ဆန်မွှေးတို့ ဧရာဝတီတိုင်းကလာတဲ့ ဧရာဝတီ ပေါ်ဆန်မွှေးတို့က ဒီဘက်ကလည်း ပစ္စည်းပြတ်တယ် သူတို့ဆီလည်း တစ်နိုင်ငံလုံးက ယောက်ယက်ခတ်ပြီး ဝယ်ကြတော့ သူတို့ကလည်း လိုသလောက်မပေးနိုင်ဘူး၊ အဲလိုအခြေအနေမှာ ဆန်စျေး အနေအထားလေးကတော့ ပြောင်းသွားတဲ့အနေအထားတစ်ခုတော့ရှိတယ်”လို့ ဆိုပါတယ်။

အခုလို ဆန်နဲ့ဆီတွေရဲ့ စျေးနှုန်းမြင့်တက်ခဲ့တဲ့အပြင် အိမ်နီးချင်း ထိုင်းနိုင်ငံက ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကလည်း စျေးနှုန်းမြင့်တက်ခဲ့ပါတယ်။

အခုလို စျေးနှုန်းမြင့်တက်ခဲ့တာဟာ စစ်အာဏာသိမ်းပြီးနောက် ကုန်စည်စီးဆင်းမှု နှေးကွေးပြီး စျေးကွက်မှာ ပစ္စည်း ပြတ်လတ်နေတာကြောင့်လို့ ရောင်းချသူတွေက ဆိုပါတယ်။

မြန်မာနိုင်ငံတဝှမ်းမှာတော့ စစ်အစိုးရ ဆန့်ကျင်တဲ့ ပြည်သူ့ဆန္ဒဖော်ထုတ်တွေ အရှိန်အဟုန်မပျက် ဆောင်ရွက်နေပြီး အာဏာပိုင်တွေကလည်း အကြမ်းဖက် ဖြိုခွင်းတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.